သီရိလင်္ကာ ဆန္ဒပြပွဲ ရဲက ပစ်ခတ်ဖြိုခွင်း၍ သေဆုံး၊ ဒဏ်ရာရမှုများ ဖြစ်ပေါ်

သီရိလင်္ကာ ဆန္ဒပြပွဲ ရဲက ပစ်ခတ်ဖြိုခွင်း၍ သေဆုံး၊ ဒဏ်ရာရမှုများ ဖြစ်ပေါ်

ဧပြီ ၂၀

သီရိလင်္ကာနိုင်ငံတွင် ဧပြီ ၁၉ ရက် ဆန္ဒပြပွဲများအတွင်း ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းခဲ့၍ ဆန္ဒပြသူတစ်ဦး သေဆုံးပြီး အခြား ၂၄ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။ ယင်းသည် အကြီးအကျယ် ထိခိုက်ပျက်စီးနေသော စီးပွားရေး အကျပ်အတည်းနှင့်ပတ်သက်ပြီး အစိုးရ၏ ကိုင်တွယ်ဆောင်ရွက်ပုံအပေါ် ဆန္ဒပြနေသည့် ဒေသခံများနှင့် ရဲတပ်ဖွဲ့အကြား ထိပ်တိုက်တွေ့မှုအတွင်း ပထမဆုံး လူသေဆုံးမှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တောင်အာရှနိုင်ငံသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးနောက် ထိခိုက်နာကျင်မှု အရှိဆုံး စီးပွားရေး ကျဆင်းမှုနှင့် ကြုံတွေ့နေရပြီး လျှပ်စစ်မီး ပုံမှန် ပြတ်တောက်နေမှုများနှင့် လောင်စာဆီနှင့် အခြားကုန်ပစ္စည်းများ အကြီးအကျယ် ရှားပါးပြတ်လပ်မှုတို့ကြောင့် ဒုက္ခအကျပ်အတည်းတို့ကို ဖြစ်ပေါ်ထားစေခဲ့သည်။

ယင်းနိုင်ငံ၌ ကြီးမားသော ဆန္ဒပြပွဲများအတွင်း အစိုးရ နုတ်ထွက်ရေး တောင်းဆိုထားကြသည်။ လက်ရှိအချိန်တွင် သီရိလင်္ကာ အစိုးရသည် အရေးတကြီး လိုအပ်နေသည့် ငွေကြေးအကျပ်အတည်းမှ ကယ်တင်မှု အစီအစဉ်နှင့်ပတ်သက်ပြီး နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နှင့် ညှိနှိုင်းဆွေးနွေးရန် ပြင်ဆင်နေသည်။

ဆီ ပြတ်လပ်မှုများနှင့် ဈေးနှုန်း မြင့်တက်မှုတို့အပေါ် ဆန္ဒပြရန် မြို့တော် ကိုလံဘို နှင့် အလယ်ပိုင်း ကန်ဒီမြို့တို့ကို ချိတ်ဆက်သည့် ရထားလမ်းတစ်လမ်းနှင့် အဝေးပြေးလမ်းမတစ်ခုတို့ကို ပိတ်ဆို့ခဲ့ကြသည့် လူအုပ်တစ်အုပ်ကို ရဲများက ကျည်အစစ်ဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့သည်။

“ကျည်ထိ ဒဏ်ရာတွေရခဲ့တဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်” ဟု ဆေးရုံတစ်ရုံမှ တာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီကို တယ်လီဖုန်းဖြင့် ပြောသည်။

အခြား ဆန္ဒပြသူ ၁၆ ဦးလည်း ဒဏ်ရာများ ရခဲ့သလို ရှစ်ဦးသည် အရေးပေါ် ခွဲစိတ်ကုသမှု ခံယူရန် လိုအပ်နေသည်ဟု သိရပြီး ရဲရှစ်ဦးလည်း ထိခိုက်ဒဏ်ရာများ ရခဲ့ကြောင်း ဆေးရုံတာဝန်ရှိသူက ပြောသည်။

မြို့တော်၏ အရှေ့ဘက် ၉၅ ကီလိုမီတာအကွာရှိ ရမ်ဘက်ကာနာမြို့တွင် လူအုပ်စုတစ်စုက ဒီဇယ်တင် လော်ရီကားတစ်စီးကို မီးရှို့ရန် လုပ်ခဲ့သဖြင့် ရဲများက ၎င်းတို့ကို မျက်ရည်ယိုဓာတ်ငွေ့သုံးပြီး လူစုခွဲခဲ့ရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

“လူစု ခွဲကြရမယ့်အစား လူအုပ်က ကျောက်ခဲတွေနဲ့ စ ပစ်ပေါက်ခဲ့ကြပါတယ်။ အဲဒါနဲ့ပဲ ရဲတွေက သူတို့ကို ပစ်ခတ်ခဲ့တာဖြစ်ပါတယ်” ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ နီဟယ် သာလ်ဒူဝါက ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။

ထို ဧရိယာတွင် အကန့်အသတ်မရှိ ကာဖျူးမိန့်တစ်ရပ် ထုတ်ထားကြောင်း တာဝန်ရှိသူများက ပြောသည်။

ဆက်တိုက် ဖြစ်ပေါ်ခဲ့သည့် လမ်းပေါ်ထိပ်တိုက်တွေ့မှုများအတွင်း ရဲများ ပစ်လိုက်သော မျက်ရည်ယိုဗုံးများကို ဆန္ဒပြသူများက ပြန်လည် ပစ်ပေါက်ခဲ့ကြသည်ဟု ပြည်တွင်း မီဒီယာများက ဖော်ပြသည်။

နိုင်ငံ၏ အဓိက ဓာတ်ဆီ လက်လီဖြန့်ချိသူက ဈေးနှုန်းများကို ၆၅ ရာခိုင်နှုန်း နီးပါး တိုးမြှင့်ခဲ့ပြီးနောက် အင်္ဂါနေ့က နိုင်ငံတစ်ဝန်း ကောက်ကာငင်ကာ ပေါ်ပေါက်ခဲ့သည့် စုဝေးဆန္ဒပြပွဲအများအပြားအနက် ယင်းဆန္ဒပြပွဲသည်လည်း တစ်ခုအပါအဝင် ဖြစ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly