ဂန့်ဂေါတွင် စစ်ကောင်စီကား တိုက်ခိုက်ခံရပြီး မြို့နယ်ရဲမှူး အပါဝင် ၄ ဦး သေဆုံးကြောင်း YDF ပြော

ဂန့်ဂေါတွင် စစ်ကောင်စီကား တိုက်ခိုက်ခံရပြီး မြို့နယ်ရဲမှူး အပါဝင် ၄ ဦး သေဆုံးကြောင်း YDF ပြော

ဧပြီ ၂၀

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ စည်ပင်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးအနီးတွင် စစ်ကူသွားပေးသော စစ်ကောင်စီလက်အောက်ခံ ရဲကားတစ်စီး ကြားဖြတ်တိုက်ခံရပြီး မြို့နယ်ရဲမှူးအပါအဝင် လေးဦးသေဆုံး သွားကြောင်း ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF) ဗဟို၊ ပြန်ကြားရေးတာဝန်ရှိသူက ယနေ့ဧပြီလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် မဇ္ဈိမကို ပြောသည်။

အဆိုပါ ရဲကားသည် ဧပြီလ ၁၈ ရက်နေ့၊ နံနက် ၁၀ နာရီဝန်းကျင် တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။

ဂန့်ဂေါမြို့အဝင် Welove တံတားထိပ်တွင် အင်အား ၃၀ ဝန်းကျင်ဖြင့် လုံခြုံရေးယူနေသော စစ်ကောင်စီ တပ် ဂိတ်စခန်းကို ယောဒေသကာကွယ်ရေးတပ် (YDF) က ဧပြီလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ ရာ ထိုနေရာသို့ စစ်ကူလာသော ရဲကား လမ်းခုလတ်တွင် ကြားဖြတ် တိုက်ခိုက်ခံလိုက်ရခြင်းဖြစ်ကြောင်း YDF က ပြောသည်။

“ကားသမားက သိပ်မထိဘူး။ မောင်းပြေးနိုင်တာပေါ့။ ကျန်တဲ့ကောင်တွေကတော့ အတုံးအရုံးပဲ။ မြို့နယ် ရဲမှူး သေတယ်။ တစ်ဗွင့်ဗိုလ်လေး သေတယ်။ ပြီးတော့ ရဲတပ်သားနှစ်ဦး သေတယ်။ စုစုပေါင်းကတော့ လေးဦးသေတယ် ” ဟု YDF က ပြောသည်။

အဆိုပါ ရဲကားပေါ်တွင် မြို့နယ်ရဲမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၀ ဦးပါရှိပြီး တိုက်ခိုက်ခံရမှုကြောင့် လေးဦး သေဆုံးကာ နောက်ထပ်ခြောက်ဦးလည်း အပြင်းအထန် ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း ဆိုသည်။

ယင်းသို့မြို့နယ်ရဲမှူးအပါအဝင် လေးဦးသေဆုံးမှုကို အဆင့်ဆင့်စိစစ်ပြီး အခိုင်အမာအတည်ပြုနိုင် ကြောင်းလည်း YDF တာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁၆ ရက်နေ့၊ နံနက်ပိုင်းကလည်း ထီးလင်းမြို့နယ်၊ ဆေးမင်းတော ကျေးရွာရဲစခန်းကို ထီးလင်းကာကွယ်ရေးတပ်ဖွဲ့က အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်လေးဦး သေဆုံးသွား ကြောင်း ထီးလင်း YDF က သတင်းထုတ်ပြန်ထားသည်။

ယောဒေသသည် စစ်အာဏာရှင်ဆန့်ကျင်ရေး အားကောင်းရာ ဒေသတစ်ခုဖြစ်သကဲ့သို့ ဒေသကာကွယ် ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား နေ့စဉ်တိုက်ပွဲများလည်း ဆက်ရှိနေဆဲဖြစ်သည်။

#Mizzima

#YDF

#ယောဒေသ

#စစ်ကောင်စီကားတိုက်ခိုက်ခံရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required