မုံရွာ- မန္တလေးလမ်း မိုင်းစစ်ဆင်ရေး စစ်ကောင်စီတပ်သား ၁၆ ဦးသေဆုံးပြီး Jumper ကားပျက်စီးဟုဆို

မုံရွာ- မန္တလေးလမ်း မိုင်းစစ်ဆင်ရေး စစ်ကောင်စီတပ်သား ၁၆ ဦးသေဆုံးပြီး Jumper ကားပျက်စီးဟုဆို

ဧပြီ ၂၀

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှ ထွက်ခွာလာသည့် စစ်ကောင်စီတပ်ကို ဧပြီ ၁၉ ရက်နေ့ နံနက် ၈ နာရီ မိနစ် ၂၀ ဝန်းကျင်က မြောင်မြို့နယ် T.G.R ပြည်သူ့ ကာကွယ်ရေးတပ်အပါအဝင် မဟာမိတ်လေးဖွဲ့ ပူးပေါင်း၍ မိုင်းစစ်ဆင်ရေးပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၆ ဦးသေဆုံးပြီး Jumper ကားတစ်စီး ပျက်စီးခဲ့ ကြောင်း သိရသည်။

မုံရွာမြို့မှထွက်ခွာလာသည့် စစ်ကောင်စီတပ်မှ Jumper ကားတစ်စီး၊ စစ်ကားအကြီးတစ်စီးနှင့် သံချပ်ကာ ကားတစ်စီးတို့ကို ချောင်းဦးမြို့နယ်နှင့် မြင်းမူမြို့နယ်ကြား မုံရွာ-မန္တလေးလမ်းပိုင်းတွင် မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်အပါအဝင် မဟာမိတ်လေးဖွဲ့ ပူးပေါင်းကာ မိုင်းစစ်ဆင်ရေး ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဦးဆောင်သူ ဗိုလ်တိုက်ဂါးက ပြောကြားသည်။ 

“ဒီလမ်းက သူတို့ပုံမှန်တစ်ပတ်ကို နှစ်ခါ သို့မဟုတ် သုံးခါလောက်ဖြတ်တဲ့လမ်းပါ။  သင်္ကြန်စကတည်းက ကျွန်တော်တို့ မိုင်းကွင်းကိုစလုပ်တယ်။ အဲဒီကတည်းက ကျွန်တော်တို့စခန်းကို မပြန်ဘူး။ အဲ့ဒီမှာပဲ ၂၄ နာရီစောင့်ကြည့်တယ်။ မိုးလည်းကျတယ် လေလည်းတိုက်တယ်။ ဒါပေမယ့် အဲ့ဒီမှာပဲ စခန်းချပြီးနေ တယ်။  သူတို့(စစ်ကောင်စီတပ်သား)တွေက စစ်ကားအကြီးပေါ်ကနေဆင်းပြီး Jumper ကားကို ဟိုဘက် ဒီဘက်ညှပ်ပြီး ခြေလျင်လမ်းလျှောက်လာတာ။ အဲ့ဒီအချိန်မှာ ကျွန်တော်တို့ရှေ့ထွက်မိုင်းနဲ့ဆွဲလိုက်တာ လမ်းလျှောက်လာတဲ့စစ်သားထဲက ၁၆ ကောင်သေတယ်ပေါ့။ မျက်မြင်ပါပဲ။ ပြီးတော့ Jumper ကား လည်း ပျက်သွားတယ်။ အဲ့ဒါမတိုင်ခင် ကျွန်တော်တို့က အဝေးထိန်းမိုင်းတွေဆင်ထားတာ Jumper ကားရှိ တော့ သုံးမရဘူးပေါ့” ဟု ဗိုလ်တိုက်ဂါးက ပြောသည်။

မဟာမိတ်ပူးပေါင်းတပ်များသည် အဆိုပါနေရာတွင် ရက်သတ္တပတ်ကြာ အထိုင်ချကင်းစောင့်ခဲ့ပြီး စစ်ကောင်စီကားများဖြတ်သန်းလာချိန်တွင် အဆင့်မြှင့်ထားသည့် ရှေ့ထွက်မိုင်း ၁၂ လုံးအသုံးပြု၍ တိုက်ခိုက်ခဲ့ကြောင်း ဗိုလ်တိုက်ဂါးထံမှ သိရသည်။

“ထိခိုက်သူ ဘယ်နှစ်ယောက်ရှိတယ်ဆိုတာတော့ မသိရဘူး။ အလောင်းတွေ ထပ်ထားတာတော့ ကျွန်တော်မြင်လိုက်ရတယ်။ ကျန်တာတွေက တခြားတစ်နေရာရွေ့သွားလို့ ကျွန်တော်တို့လည်း မိုင်းဆွဲ ပြီး တောက်လျှောက်ကပ်မရတော့” ဟု ဗိုလ်တိုက်ဂါးက ပြောသည်။

ထိုစစ်ဆင်ရေးအား မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်၊ ဗိုလ်နေတိုးအထူးပြောက်ကြားအဖွဲ့ (B.N.T F)၊ 11 Brothers Revolution Forces၊ Burmese Guerrilla Force- B.G.F (Myingyan) စသည့် မဟာမိတ်လေးဖွဲ့ ပူပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပူးပေါင်းမိုင်းစစ်ဆင်ရေး ပြုလုပ်ပြီးနောက်  ဧပြီ ၁၉ ရက်နေ့ နံနက် ၁၀နာရီ ၁၅မိနစ်ခန့်တွင် မန္တလေး-မုံရွာလမ်းမပေါ်ရှိ ရေပိုးစားရွာနှင့်ဂွေးပင်တောရွာအကြားတွင် ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့လေးဖွဲ့က မိုင်းစစ်ဆင်ရေးများ ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်သား အနည်းဆုံး ၁၀ ဦး ထက် မနည်းသေဆုံးကြောင်း သိရသည်။

#စစ်ကိုင်းတိုင်း
#မုံရွာ-မန္တလေးအမြန်လမ်း
#မဟာမိတ်လေးဖွဲ့
#မိုင်းစစ်ဆင်ရေး
#စစ်ကောင်စီတပ်သား
#၁၆ဦးသေဆုံး
#Jumperကားပျက်စီး
#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly