စင်ကာပူ၊ ဇန်နဝါရီ ၂၉ ။ ။ အမေရိကန်၏ ယူနိုက်တက်လေကြောင်းလိုင်းက ဆန်ဖရန်စစ္စကိုနှင့် စင်ကာပူကြား နေ့စဉ်မရပ်မနားလေယာဉ်ခရီးစဉ်များကို ဇွန် ၁မှစ၍ ဝန်ဆောင်မှု ပေးတော့မည်ဟု ယင်းလေကြောင်းလိုင်းက ဇန်နဝါရီ ၂၉တွင် ကြေညာသည်။ ယင်းခရီးစဉ်လမ်းကြောင်းအတွက် Boeing 787-9 Dreamliner လေယာဉ်ကို အသုံးပြုမည်ဖြစ်ကြောင်း လေကြောင်းလိုင်းက ပြောကြားခဲ့သည်။
စင်ကာပူလေကြောင်းလိုင်းကလည်း လော့စ်အိန်ဂျလိစ်နှင့် နယူးယောက်မြို့များသို့ ၂၀၁၈မှစ၍ မရပ်မနားခရီးစဉ်များ စတင်မည်ဟု သိရသည်။ စင်ကာပူနှင့် ဆန်ဖရန်စစ္စကိုကြား လေယာဉ်ခရီးမိုင်မှာ ၈,၄၄၆မိုင်ရှိသည်။
ယင်းခရီးစဉ်မှ ခရီးသည်များကို ထူးခြားသည့်အခွင့်အရေးများပေးမည်ဖြစ်ကြောင်းလည်း ယူနိုက်တက်၏ အတ္တလန္တိတ်နှင့် ပစိဖိတ်အရောင်းဋ္ဌာနမှ ဒုတိယဥက္ကဋ္ဌ မစ္စတာမာစယ်ဖတ်က ပြောသည်။
ဆန်ဖရန်စစ္စကို-စင်ကာပူဝန်ဆောင်မှုစတင်ခြင်းနှင့်အတူ ယူနိုက်တက်သည် စင်ကာပူနှင့် တိုကျိုကြား ၎င်း၏ဝန်ဆောင်မှုကို ဇွန် ၂မှ၍ အဆုံးသတ်မည်ဖြစ်သည်။ ဆန်ဖရန်စစ္စကို ခရီးစဉ်သစ်တွင် အထူးတန်းထိုင်ခုံ ၄၈ခုံ၊premium economy ထိုင်ခုံ ၈၈ခုံအပါအဝင် ရိုးရိုးထိုင်ခုံ ၂၀၄ခုံပါဝင်မည်ဖြစ်သည်။ မရပ်မနားပျံသန်းသည့် ခရီးစဉ်ကြောင့် ခရီးသွားချိန် လေးနာရီသက်သာမည်ဟု သိရသည်။
စင်ကာပူနှင့် အမေရိကန်ကြား လေကြောင်းခရီးသွားလာမှုမှာ အားကောင်းစွာကြီးထွားလျက်ရှိသည်။