ထားဝယ်-မေတ္တာ လမ်းတွင် စစ်ကောင်စီတပ်စစ်ဆေးမှု တင်းကျပ်

By ကိုရွှေမြိတ်
18 April 2022
ထားဝယ်-မေတ္တာ လမ်းတွင် စစ်ကောင်စီတပ်စစ်ဆေးမှု တင်းကျပ်

ဧပြီ ၁၈

ထားဝယ်မြို့နယ် ထားဝယ်-မေတ္တာ လမ်းတွင် စစ်ကောင်စီ တပ်က လုံခြုံရေး အများ အပြား ချထားပြီး လမ်းသွား လမ်းလာ ပြည်သူများကို ဧပြီလ ၁၈ ရက် နံနက်ပိုင်းက စတင်ကာ စစ်ဆေးမှုများ တင်းကျပ် နေကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ နံနက် ၅ နာရီက စတင်၍ အဆိုပါ လမ်းပိုင်းရှိ ပကာရီ ရဲစခန်းရှေ့တွင် စစ်ကောင်စီ တပ်သားများက လမ်းသွား လမ်းလာ ပြည်သူများကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း စစ်ဆေးခံရသူ တစ်ဦးက ဆိုသည်။

"မြို့ပေါ်မှာ စျေးဝယ်မလို့ အိမ်ကနေ အစောကြီး ထွက်လာပြီး ပကာရီ ရဲစခန်း အနီး ရောက်တော့ စစ်သားတွေက ဆိုင်ကယ် ရပ်ပေးဖို့ တားခံ လိုက်ရတယ်။ လူရော ဆိုင်ကယ်ပါ အကုန် မကျန် စစ်ဆေးပြီးမှ သွားခွင့် ပေးတယ်" ဟု ၄င်းပြောသည်။

ယင်းလမ်းပိုင်း တစ်လျှောက်တွင် စစ်ကောင်စီတပ် ကင်းပုန်းများ ချထားသည့် အပြင် ဗျောတောဝရွာတွင် စစ်ဆေးရေးဂိတ် ထပ်မံ ဖွင့်ထားကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းဂိတ်၌ မျက်နှာပုံပါ ဖမ်းဝရမ်း စာရွက်များနှင့် ဖြတ်သန်း သွားလာသူတိုင်းကို တိုက်စစ်ပြီး ပိုက်ဆံအိတ်၊ ပစ္စည်း အထုတ်နှင့် ခန္ဓာကိုယ်ပါ မကျန် စစ်ဆေးမှုများ ပြုလုပ်ကြောင်း ဝကုန်းရွာတွင် နေထိုင်သူ တစ်ဦးက ရှင်းပြသည်။

ဧပြီလ ၁၅ ရက်နေ့ ညက စစ်ကောင်စီ တပ်သား အင်အား ၂၀၀ နီးပါး ခန့် လက်နက် အပြည့်စုံဖြင့် ထားဝယ်မြို့နယ် ရေဝိုင်းရွာအနီး ဥယျာဥ်ခြံများတွင် ပုန်းခို၍ နေရာ ယူထားကြောင်း ဒေသခံများထံမှ သိရသည်။

#Mizzima

#ထားဝယ်_မေတ္တာလမ်းပိုင်း

#တင်းကျပ်

#ထားဝယ်မြို့နယ်

#ရေဝိုင်းရွာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly