ရုရှ၏ လက်နက်ကြီးတိုက်ခိုက်မှုအား ယူကရိန်း ရှုတ်ချ 

ရုရှ၏ လက်နက်ကြီးတိုက်ခိုက်မှုအား ယူကရိန်း ရှုတ်ချ 

ဧပြီ ၁၈

လူသေဆုံးမှု များသော တိုက်ပွဲများ နှစ်လနီးပါးအကြာတွင် ယူကရိန်းအရှေ့မြောက်ပိုင်း မြို့များအား ရုရှ၏ လက်နက်ကြီး တိုက်ခိုက်မှုများနှင့် တောင်ပိုင်း မာရီယူပိုဆိပ်ကမ်းမြို့အား ဆက်လက်သိမ်းပိုက်မှု ပြုနေခြင်းအတွက် ယူကရိန်းအာဏာပိုင်များက ရှုတ်ချပြောဆိုသည်။ မာရီယူပိုမြို့အား အပြည့်အဝနီးပါး ထိန်းချုပ်ထားနိုင်ပြီဟု ရုရှက ပြောဆို၍လည်း ထားသည်။ 

မြောက်ပိုင်းတွင် ယူကရိန်း၏ ခုခံတွန်းလှန်မှုကို မကျော်လွှားနိုင်သည့်နောက် ရုရှစစ်တပ်သည် ဒွန်ဘတ်စ်ဒေသကို ပြန်လည်၍ ပစ်မှတ်ထားလာပြီး မြို့တော် ကိယက်ဗ်အပါအဝင် နေရာစုံက ပစ်မှတ်များကို တာဝေးတိုက်ခိုက်မှုများ လုပ်ဆောင်လျက် ရှိသည်။ 

အရှေ့မြောက်ပိုင်း ခါကိဗ်မြို့တွင် ပြီးခဲ့သည့် လေးရက်တာ၌ လက်နက်ကြီး တိုက်ခိုက်မှုများကြောင့် လူ ၁၈ ဦး သေဆုံးပြီး ၁၀၀ ကျော်ထက်မနည်း ထိခိုက်ဒဏ်ရာရသည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ပြောသည်။ 

“ထိတ်လန့်ခြောက်ခြားစရာပါပဲ၊ မော်တာကျည်တွေ၊ အမြောက်ကြီးတွေနဲ့ လူနေရပ်ကွက်တွေကို ပစ်မှတ်ထားနေတယ်၊ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်”ဟု ၎င်းက တနင်္ဂနွေနေ့နှောင်းပိုင်းတွင် ပြောသည်။ 

အရပ်သားများကို ပစ်မှတ်ထားသည်ဆိုခြင်းအား ရုရှက ငြင်းဆန်ထားသကဲ့သို့ ယူကရိန်းက ပြောထားသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ယိုင်နှဲ့စေသည့် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်နေသည်ဆိုခြင်းကိုလည်း ပယ်ချထားသည်။ ယူကရိန်းတွင် စစ်ရေးလှုပ်ရှားမှု ကင်းစင်ရေးနှင့် အန္တရာယ်ရှိသော အမျိုးသားရေးဝါဒီ ပပျောက်ရေးအတွက် အထူးစစ်ရေး စစ်ဆင်ရေး ဆောင်ရွက်မှုသာ ဖြစ်သည်ဟု ရုရှက ပြောဆိုထားသည်။ 

အနောက်အုပ်စုနှင့် ယူကရိန်းကမူ သမ္မတ ဗလာဒီမာ ပူတင်သည် အကြောင်းမဲ့ ရန်လိုကျူးကျော်ခြင်းဖြစ်သည်ဟု ပြောဆိုသည်။ 

မာရီယူပိုဆိပ်ကမ်းမြို့တွင် ရုရှဘက်က အရုဏ်မတက်ခင် လက်နက်ချရန် တောင်းဆိုထားသော်လည်း တပ်ဖွဲ့ဝင်များက ဆက်လက်တိုက်ခိုက်နေဆဲဖြစ်သည်ဟု ယူကရိန်း ဝန်ကြီးချုပ် Denys Shmyhal က ပြောသည်။ 

“မြို့က မကျသေးပါဘူး”ဟု ၎င်းက ABC သတင်းဌာန၏ The Week အစီအစဉ်သို့ ပြောပြီး မြို့၏ အချို့အပိုင်းများမှာ ယူကရိန်းစစ်သားများက ဆက်လက်ထိန်းချုပ်ထားဆဲ ဖြစ်သည်ဟု ဖြည့်စွက်ဆိုသည်။  

ဒွန်ဘတ်စ်ဒေသ၏ အဓိကဆိပ်ကမ်းမြို့ မာရီယူပိုမြို့အား သိမ်းပိုက်နိုင်ခြင်းသည် ရုရှလိုလားသော အရှေ့ပိုင်းက ခွဲထွက်ရေးသမားများ၏ ထိန်းချုပ်နယ်မြေနှင့် ၂၀၁၄ တွင် ရုရှကျူးကျော်သိမ်းပိုက်ခဲ့သော ခရိုင်းမီးယားဒေသသို့ကို ဆက်သွယ်နိုင်မည်ဖြစ်၍ ရုရှအတွက် မဟာဗျူဟာမြောက် အောင်ပွဲဖြစ်မည် ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required