မာရီယူပိုလ်မြို့ တစ်မြို့လုံးနီးပါးကို ထိန်းချုပ်ထားပြီး ယူကရိန်းတပ်ဖွဲ့ဝင်များကို လက်နက်ချခိုင်းထားဟု ရုရှ ပြော

မာရီယူပိုလ်မြို့ တစ်မြို့လုံးနီးပါးကို ထိန်းချုပ်ထားပြီး ယူကရိန်းတပ်ဖွဲ့ဝင်များကို လက်နက်ချခိုင်းထားဟု ရုရှ ပြော
Photo - AFP

ဧပြီ ၁၇

ယူကရိန်း၏ မဟာဗျူဟာကျ ဆိပ်ကမ်းမြို့ဖြစ်သည့် မာရီယူပိုလ် တစ်မြို့လုံးနီးပါးကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ကြောင်းနှင့် ယင်းမြို့၌ နောက်ဆုံးကျန်ရှိနေသည့် ခုခံသူများ လက်နက်ချရန် တိုက်တွန်းထားကြောင်း ရုရှက ပြောသည်။

တစ်ချိန်တည်းမှာပင် မာရီယူပိုလ် ရှိ အခြေအနေသည် “လူမဆန်သော” အခြေအနေ ဖြစ်နေကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ပြောကြားခဲ့ပြီး မိမိတို့အတွက် လက်နက်ကြီးများ အမြန်ဆုံး ထောက်ပံ့ပေးရန် အနောက်အုပ်စုထံ တောင်းဆိုသွားခဲ့သည်။

ဆိပ်ကမ်းမြို့ရှိ ယူကရိန်းတပ်ဖွဲ့ဝင်များ တနင်္ဂနွေနေ့ နောက်ဆုံးထားပြီး လက်နက်များ ချရလိမ့်မည်ဟု ရုရှက ပြောသည်။ မြို့တော် ကိယက်ဗ်ရှိ သီတင်းပတ်များကြာ အတော်အတန် တည်ငြိမ်နေခဲ့မှုက ရုရှ၏ လေကြောင်းတိုက်ခိုက်မှုသစ်များကြောင့် အဆုံးသတ်သွားခဲ့သည်။

ရုရှ သမ္မတ ပူတင်က ယူကရိန်းစစ်ပွဲ၌ ၎င်းအနိုင်ရနေပြီဟု ယုံကြည်နေပုံရကြောင်း ဩစတြီးယား ဝန်ကြီးချုပ်က ပြောသည်။ ယူကရိန်းအပေါ် ရုရှ ကျူးကျော်မှု စတင်ပြီးနောက်ပိုင်း ဩစတြီးယား ဝန်ကြီးချုပ်သည် ပူတင်နှင့် လူကိုယ်တိုင် တွေ့ဆုံသည့် ပထမဆုံးသော ဥရောပခေါင်းဆောင် ဖြစ်သည်။

ရုရှတို့ ဖေဖေါ်ဝါရီ ၂၄ ရက်က ယူကရိန်းကို ကျူးကျော်ဝင်ရောက်ပြီးနောက်ပိုင်း ယူကရိန်းတောင်ပိုင်းရှိ အကြီးအကျယ် ထိခိုက်ပျက်စီးနေသော မာရီယူပိုလ်မြို့သည် ယူကရိန်း၏ မျှော်လင့်မထားခဲ့သော အပြင်းအထန် ခုခံတိုက်ခိုက်မှု၏ သင်္ကေတတစ်ခု ဖြစ်ခဲ့သည်။

ယခုအခါ အဆိုပါ မြို့တွင် ၎င်းတို့ အပြည့်အဝ ထိန်းချုပ်နေပြီဟု မော်စကို အရာရှိများက ပြောသည်။ သို့သော် ယင်းမြို့၏ ခံတပ် ပုံစံ သံမဏိစက်ရုံတွင် ယူကရိန်းစစ်သားများ ပိတ်မိနေဆဲဖြစ်ကြောင်း သိရသည်။

“မာရီယူပိုလ် မြို့ရဲ့ အခြေအနေက တကယ့်ကို ပြင်းထန်ဆိုးဝါးနေပါတယ်။ လူမဆန်မှုတွေ ရှိနေပါတယ်” ဟု ယူကရိန်းသမ္မတ ဇယ်လန်စကီးက ဗီဒီယိုမိန့်ခွန်းတစ်ခုတွင် ပြောသည်။

“ရုရှတွေဟာ အဲဒီမှာ ရှိတဲ့သူတိုင်းကို ဖျောက်ဖျက်ဖို့ တမင် ကြိုးစားနေပါတယ်” ဟု ၎င်းက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required