တရုတ်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည်များအနေဖြင့် မတ်လမှ ယခုနှစ်ကုန်အထိ ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့်ရမည်ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ်နာဂျစ်ရာဇက်က ဇန်နဝါရီ ၂၈ ရက်တွင် ပြောကြားလိုက်သည်။
မတ် ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ အကျုံးဝင်မည့် ယင်းအစီအစဉ်အား နာဂျစ်၏ ပြောကြားချက်ကို ကိုးကား၍ ဘနားမားသတင်းဌာနက ဖော်ပြခဲ့သည်။
အဆိုပါကာလအတွင်း တရုတ်ကမ္ဘာလှည့်ခရီးသည်များအနေဖြင့် မလေးရှားတွင် အများဆုံး ၁၅ ရက်အထိ နေခွင့်ရမည်ဖြစ်သည်။
၂၀၁၅ ခုနှစ်အတွင်းက မလေးရှားသို့ လာရောက်ခဲ့သည့် တရုတ်ကမ္ဘာလှည့်ခရီးသည်အရေအတွက် ၁ဒသမ ၃ သန်းရှိခဲ့ကာ လာမည့်နှစ်အနည်းငယ်အတွင်း ၈ သန်းအထိရှိလာရန် မလေးရှားအစိုးရက ခန့်မှန်းထားသည်။
၂၀၁၄ ခုနှစ်၊ မတ်လအတွင်းက ခရီးသည် ၂၃၉ ဦးတင်ဆောင်ကာ ကွာလာလမ်ပူမှ ပေကျင်းတို့ ထွက်ခွာလာခဲ့သည့် ခရီးစဉ် MH370 လေယာဉ် ပျောက်ဆုံးသွားခဲ့ရာ ယင်းလေယာဉ်ပေါ်မှ ခရီးသည်အများစုသည် တရုတ်နိုင်ငံသားများဖြစ်သည်။