တတိယကမ္ဘာစစ် စတင်ပြီဟု ရုရှ နိုင်ငံပိုင် ရုပ်သံ အစီအစဉ်တင်ဆက်သူ ပြော

တတိယကမ္ဘာစစ် စတင်ပြီဟု ရုရှ နိုင်ငံပိုင် ရုပ်သံ အစီအစဉ်တင်ဆက်သူ ပြော

ဧပြီ ၁၇

ရုရှနိုင်ငံသည် နေတိုးအုပ်စုကို ရင်ဆိုင်လျက် တတိယကမ္ဘာစစ်ထဲ စတင်ဝင်ရောက်ထားခဲ့ပြီ ဖြစ်ကြောင်း နှင့် ယင်းသည် ယူကရိန်း၌ လုပ်ဆောင်သည့် ရုရှသမ္မတ ဗလာဒီမာ ပူတင်၏ “အထူး စစ်ဆင်ရေး” အချိန်အလွန်ကြာမြင့်နေရခြင်း၏ အကြောင်းရင်း ဖြစ်ကြောင်း  ရုရှ နိုင်ငံပိုင်ရုပ်သံ အစီအစဉ်တင်ဆက်သူတစ်ဦးက ပြောသည်။

ရုရှ၏ ပင်လယ်နက် ရေတပ်သင်္ဘောစု၏ အဓိက စစ်သင်္ဘော မော့စ်ဗာ နစ်မြုပ်မှုနှင့်အတူ မော်စကိုအတွက် ထိခိုက်နာကျင်စရာ ရှုံးနိမ့်မှုတစ်ခု ဖြစ်ပေါ်ခဲ့ပြီးနောက် ယခုကဲ့သို့ ရုရှ၏ အထင်ပေါ်ဆုံး ရုပ်သံအစီအစဉ် တင်ဆက်သူတစ်ဦးထံမှ မှတ်ချက်စကားများ ထွက်ရှိလာခြင်း ဖြစ်သည်။

ရုရှနိုင်ငံသည် လက်ရှိအချိန်တွင် နေတိုးအုပ်စု ကိုယ်၌ကို မဟုတ်ရင်တောင်မှ နေတိုးအုပ်စု အခြေခံအဆောက်အအုံကို တိုက်ခိုက်နေခဲ့ပြီ ဆိုသည်ကို လက်ခံကြရန် Rossiya 1 ရုပ်သံ အစီအစဉ်တင်ဆက်သူ အိုလ်ဂါ စကာဘေယီဗာက ကြည့်ရှုသူများကို ပြောခဲ့သည်။

“ ‘ဒါကို ပိုပြီး မြန်မြန် လုပ်လို့မရနိုင်ဘူးလား’ ဆိုပြီး တော်တော်များများက ပြောနေကြပါတယ်။ လူတိုင်းက ဒါကို ပိုပြီး မြန်မြန်ဆန်ဆန် ဖြစ်စေချင်နေကြပါတယ်။ ပြည့်စုံတဲ့ အောင်ပွဲတစ်ခုကို လူတိုင်း နှစ်သက်ပါလိမ့်မယ်။ ရည်မှန်းချက်အားလုံး အကောင်အထည်ဖော်တာကို လူတိုင်း လိုလားပါလိမ့်မယ်” ဟု သူမက ပြောသည်။

“ဒီလိုမှ မဟုတ်ရင်တော့၊ ခြုံကြည့်ရင် ယူကရိန်းမှာ ကျွန်မတို့ စတင်ခဲ့ကြတဲ့ ရုရှရဲ့ အထူးစစ်ဆင်ရေးကို လက်ခံဖို့ မဖြစ်နိုင်ပါဘူး” ဟု သူမက ပြောသည်။

“ဒါဟာ တတိယကမ္ဘာစစ်ထဲကို ရောက်ရှိနေခဲ့ပြီ ဆိုတာကို တစ်စုံတစ်ယောက်က စိတ်ချလက်ချ ပြောနိုင်ပါတယ်။ ဒါက လုံးဝ သေချာပါတယ်” ဟု ရုပ်သံ အစီအစဉ်တင်ဆက်သူက ပြောသည်။

“ခုချိန်မှာ ကျွန်မတို့ဟာ နေတိုးအုပ်စု ကိုယ်၌ မဟုတ်ရင်တောင်မှ နေတိုး အခြေခံအဆောက်အအုံကို သေချာပေါက် တိုက်ခိုက်နေတာပါ။ ကျွန်မတို့ ဒါကို လက်ခံထားဖို့ လိုပါတယ်”

အရှည် ၆၁၀ ပေ ရှိသည့် မော့စ်ဗာ စစ်သင်္ဘောကို ပြီးခဲ့သည့် ကြာသပတေးနေ့က ဆိပ်ကမ်းသို့ ဆွဲယူခဲ့စဉ် နစ်မြုပ်သွားသည်ဟု ရုရှ ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

သင်္ဘောပေါ်၌ မီးလောင်မှုဖြစ်ပြီး လက်နက်ခဲယမ်း ပေါက်ကွဲမှု ဖြစ်ခဲ့ကြောင်း ရုရှ ကာကွယ်ရေးဝန်ကြီးဌာန အရာရှိများက ပြောသော်လည်း ယူကရိန်းကမူ ၎င်းတို့ ပစ်လိုက်သည့် နက်ပ်ကျွန်း ဒုံးကျည်များက ရုရှသင်္ဘောကို ထိမှန်စေခဲ့သည်ဟု ပြောထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required