အာဖဂန်နစ္စတန်၌ တာလီဘန်တို့က ဂျာနယ်လစ်များကို မတရား ဖမ်းဆီးမှုများ ဆက်ရှိနေ

By The Print
17 April 2022
အာဖဂန်နစ္စတန်၌ တာလီဘန်တို့က ဂျာနယ်လစ်များကို မတရား ဖမ်းဆီးမှုများ ဆက်ရှိနေ

အာဖဂန်နစ္စတန်နိုင်ငံရှိ မီဒီယာကဏ္ဍ၏ အခြေအနေနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း အာဖဂန်ဆိုင်ရာ ကုလသမဂ္ဂ အကူအညီပေးရေး မစ်ရှင်အဖွဲ့ (UNAMA) က ထုတ်ဖော်ခဲ့ရင်း ယင်းနိုင်ငံတွင် တာလီဘန်တို့က အာဖဂန်ဂျာနယ်လစ်များကို မတရား ဖမ်းဆီးမှုများ ဆက်ရှိနေကြောင်း မှတ်ချက်ပြုခဲ့သည်ဟု Khaama Press က ဖော်ပြသည်။

တာလီဘန်တို့သည် ၎င်းတို့ ထိန်းသိမ်းထားသည့် ဂျာနယ်လစ်များနှင့် မီဒီယာလုပ်သားများကို ထိန်းသိမ်းထားစဉ်ကာလအတွင်း ပြင်ပရှိ မည်သူတစ်ဦးတစ်ယောက်နှင့်မှ ဆက်သွယ်ခွင့် မပြုကြောင်း UNAMA ကို ကိုးကားပြီး Khaama Press က ဖော်ပြသည်။

ကန်ဒါဟာပြည်နယ်မှ ဒေသခံ ဂျာနယ်လစ်တစ်ဦးဖြစ်သည့် ဘစ်မီလာ ဝါတန်ဒို့စ် သည် တာလီဘန်တို့၏ ၁၀ ရက်ကြာ ထိန်းသိမ်းခြင်းကို ခံခဲ့ရပြီး ထိန်းသိမ်းခံနေရစဉ် ပြင်ပရှိ မည်သူနှင့်မှ ဆက်သွယ်ခွင့် မရခဲ့ကြောင်း UNAMA က ပြောသည်။

ဝါတန်ဒို့စ် သည် ယခုအခါ ပြန်လွတ်သွားပြီ ဖြစ်သော်လည်း အခြား ဂျာနယ်လစ်များသည် လက်ရှိအချိန်တွင် တာလီဘန်တို့၏ အကျဉ်းထောင်များသို့ ခေါ်ဆောင်ခံထားရမှုများ ရှိနေကြောင်း UNAMA က ပြောသည်။

အထူးသဖြင့် ဝါတန်ဒို့စ်ကို ဖမ်းဆီးချုပ်နှောင်ခဲ့ခြင်း၏ နောက်ကွယ်မှ အကြောင်းရင်းကို ယခုထက်ထိ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း Khaama Press က ဖော်ပြသည်။

တာလီဘန်တို့သည် အစောပိုင်းကလည်း ကန်ဒါဟာ ပြည်နယ်တွင် ဂျာနယ်လစ်များနှင့် မီဒီယာလုပ်သား သုံးဦးကို ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။

ထို့ပြင် ယင်းနိုင်ငံ၌ ပြီးခဲ့သည့် ၇လအတွင်း ဂျာနယ်လစ်များအပေါ် အကြမ်းဖက်မှုဖြစ်စဉ် ၁၁၄ ခု ရှိခဲ့ကြောင်း အာဖဂန်နစ္စတန်၏ လွတ်လပ်သော ဂျာနယ်လစ်များ အစည်းအရုံး၏ ပြောကြားချက်ကို ကိုးကားပြီး မီဒီယာ သတင်းဌာနများက ဖော်ပြသည်။

နိုင်ငံတွင် ဂျာနယ်လစ်များအပေါ် အကြမ်းဖက်မှုများ မြင့်တက်နေမှုနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း အာဖဂန်နစ္စတန်၏ လွတ်လပ်သော ဂျာနယ်လစ်များ အစည်းအရုံးက ထုတ်ဖော်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly