နှစ်နိုင်ငံ ခရီးသွားလာရေးတွင် အဆင်ပြေစေရန် အိန္ဒိယ၏ Covaxin ကာကွယ်ဆေးကို ဂျပန်အသိအမှတ်ပြု

နှစ်နိုင်ငံ ခရီးသွားလာရေးတွင် အဆင်ပြေစေရန် အိန္ဒိယ၏ Covaxin ကာကွယ်ဆေးကို ဂျပန်အသိအမှတ်ပြု

အိန္ဒိယ၏ ကိုဗစ်-၁၉ ကာကွယ်ဆေး Covaxin ကို ဂျပန်က ဧပြီ ၁၀ ရက်မှစတင် အသိအမှတ်ပြုလိုက်ပြီး နှစ်နိုင်ငံအကြား ခရီးသွားလာမှုကို အထောက်အကူဖြစ်စေရန် လုပ်ဆောင်သွားမည်ဟု ဂျပန်ရှိ အိန္ဒိယသံရုံးက ဧပြီ ၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

သံရုံး၏ တွစ်တာတွင် “ခရီးသွားလာမှုကို ပိုမိုအထောက်အပံ့ဖြစ်စေရန် အိန္ဒိယ၏ ပြည်တွင်းကုမ္ပဏီဖြစ်သည့် Bharat Biotech က ထုတ်လုပ်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေး Covaxin ကို ၂ ကြိမ်ထိုးရန် အသိအမှတ် ပြုထားသည့် ကာကွယ်ဆေးများစာရင်းတွင် ထည့်သွင်းလိုက်သည်” ဟု ရေးသားထားသည်။

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီနှင့် ဂျပန်ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါတိုသည် ၂၀၂၁ ခုနှစ် စက်တင်ဘာလနှင့် ၂၀၂၂ ခုနှစ် မတ်လအတွင်းက ကျင်းပခဲ့သည့် Quad အဖွဲ့ ခေါင်းဆောင်များ၏ ထိပ်သီးဆွေးနွေးပွဲများကို ကြိုဆိုခဲ့ကြပြီး အဖွဲ့၏ အပြုသဘောဆောင်သည့် လုပ်ငန်းစဉ်များဖြစ်သော ကိုဗစ်ကာကွယ်ဆေး၊ အရေးကြီးပြီး တိုးတက်နေသော နည်းပညာကဏ္ဍများ၊ ရာသီဥတုထိန်းသိမ်းရေး၊ အခြေခံအဆောက်အအုံကဏ္ဍများ တွင် ပူးပေါင်းဆောင်ရွက်ရေး၊ ဆိုက်ဘာလုံခြုံရေး၊ အာကာသနှင့် ပညာရေးကဏ္ဍများတွင် သိသာထင်ရှားသည့် ရလဒ်များအတွက် ကတိကဝတ်များ ထပ်မံပြုခဲ့ကြသည်။

အင်ဒို-ပစိဖိတ်ဒေသတွင် နှစ်နိုင်ငံ ပူးပေါင်းစီမံကိန်းများ အရေးကြီးမှုကို နှစ်နိုင်ငံခေါင်းဆောင်များက ထပ်လောင်းအတည်ပြုခဲ့ပြီး ယင်းစီမံကိန်းများကို အာဆီယံ၊ ပစိဖိတ်ကျွန်းနိုင်ငံများနှင့် အခြားနိုင်ငံများသို့ပါ တိုးချဲ့ဆောင်ရွက်ရန် ရည်မှန်းခဲ့ကြသည်။

ဘင်္ဂလားဒေ့ရှ်တွင် လက်ရှိဆောင်ရွက်နေသည့် စီမံကိန်းများ၏ တိုးတက်မှုကိုလည်း နှစ်နိုင်ငံခေါင်းဆောင်များက အသိအမှတ်ပြုကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required