မုံရွာ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်မှ၄ ဦးသေဆုံး

မုံရွာ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်မှ၄ ဦးသေဆုံး

ဧပြီ ၁၆

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ တမာတန်းလမ်းဆုံမီးပွိုင့်ရှိ စစ်ဆေးရေးဂိတ်အား ဧပြီ ၁၅ ရက် သင်္ကြန်အကြတ်နေ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ လေးဦး သေဆုံးခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

Chindwin Attack Force ၏ တပ်ခွဲ (၁) ၊ Monywa Ranger Group (Truth Army ) တပ်စိပ် (၁) ၊ Monywa Red Peacock က လက်ပစ်ဗုံး နှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ကြောင်းသိရသည်။

“အဲဒီစစ်ဆေးရေးဂိတ်ကနေ ဖြတ်သန်း သွားလာနေတဲ့ ပြည်သူတွေကို အမြဲတမ်းစစ်ဆေး ခြိမ်းခြောက် ငွေညှစ်နေတဲ့နေရာဖြစ်တယ်” ဟု မုံရွာခရိုင်တပ်ရင်း (၂ )၊( ၃) ၊( ၄) Chindwin Attack Force သတင်းပြန်ကြားရေးမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါတိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်များမှ အနီးနားသို့ ရမ်းသန်းပစ်ခတ်ခဲ့ပြီး ထိခိုက် သေဆုံးသူများအား စစ်ကားပေါ်တင်သွားကြောင်း မျက်မြင်တွေ့ရှိသူများထံကသိရသည်။

၎င်းစစ်ဆေးရေးဂိတ်တွင် မော်တော်ပီကယ် ၊ ရဲ နှင့် စစ်သားများ နေရာယူထားပြီး ယခု သင်္ကြန်ကာလ အတွင်းတွင် ဗဟိုမဏ္ဍပ်ပြုလုပ်ရာ ကန်သာယာဖက်သို့ သွားသည့် ယာဉ်များအား စစ်ဆေးနေခြင်း ဖြစ်ကြောင်းသိရသည်။

Chindwin Attack Force သတင်းပြန်ကြားရေးက မြို့ပြပြည်သူများအနေဖြင့် အသွားအလာ ဆင်ခြင်ပေးကြရန်နှင့် Mission ပြုလုပ်နေချိန်တွင် ရပ်ကြည့်ခြင်း ၊ ထွက်ကြည့်ခြင်းများ မပြုလုပ်ကြရန်၊ စစ်ဆင်ရေး ပြုလုပ်နေချိန်တွင် တစ်စုံတစ်ရာ ဖြစ်ခဲ့ပါက အပြစ်မမြင်စေလိုကြောင်း တောင်းပန် သတိပေး ထုတ်ပြန်ထားသည်။

ဧပြီလ ၁၃ရက် သင်္ကြန်အကြိုနေ့ကလည်း မုံရွာမြို့ အာဇာနည်လမ်းမပေါ်တွင် ကင်းလှည့်နေသော စစ်ကောင်စီကားအား မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၂) ၏ အထူးကွန်မန်ဒိုတပ်ဖွဲ့ Monywa The Boys က လိုက်လံပစ်ခတ်ရာ စစ်‌ကောင်စီကား ဘီးပေါက်သွားပြီး ကားပေါ်ပါလာသည် ရဲအရာရှိတစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ - ပုံအဟောင်း

#Mizzima

#မုံရွာမြို့

#စစ်ဆေးဂိတ်တိုက်ခိုက်ခံရ

#စစ်ကောင်စီတပ်

#ChindwinAttackForce

#ထုတ်ပြန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly