စစ်ကောင်စီကို အားပေးကူညီခြင်းသည် ပြည်သူ့သဘောထားကို ဆန့်ကျင်ခြင်းဖြစ်သည်ဟု နိုင်ငံတကာသို့ ယာယီသမ္မတပြောကြား

စစ်ကောင်စီကို အားပေးကူညီခြင်းသည် ပြည်သူ့သဘောထားကို ဆန့်ကျင်ခြင်းဖြစ်သည်ဟု နိုင်ငံတကာသို့ ယာယီသမ္မတပြောကြား

ဧပြီ ၁၆

ဒီမိုကရက်တစ် မြန်မာနိုင်ငံတော်အသစ် တည်ထောင်မည်ဖြစ်ပြီး စစ်ကောင်စီကို အားပေးခြင်း၊ ကူညီခြင်းသည် မြန်မာပြည်သူ့သဘောထားနှင့် ဆန့်ကျင်ခြင်းဖြစ်သည်ဟု နိုင်ငံတကာသို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

"အိမ်နီးချင်းနိုင်ငံများခင်ဗျား၊ NUG အစိုးရက မြန်မာ​ပြည်သူတွေရဲ့ တရားဝင်အစိုးရဖြစ်သလို ပြည်သူတွေရဲ့ဆန္ဒနဲ့အညီ ဒီမိုကရက်တစ် နိုင်ငံတစ်ခုကို တည်ဆောက်ဖို့ ကြိုးစားဆောင်ရွက်နေပါတယ်။ ဒေသတွင်းမတည်ငြိမ်မှုကိုဖန်တီးပြီး လုံခြုံရေးကို ပျက်ပြားစေတဲ့ စစ်ကောင်စီနဲ့မတူတဲ့ မြန်မာနိုင်ငံတော်အသစ်၊ အရှေ့တောင်အာရှနဲ့ တောင်အာရှရဲ့ တည်ငြိမ်ရေးနဲ့ ဝပြောရေးကိုဖန်တီးပေးမယ့် နိုင်ငံသစ်ကို ဖော်ဆောင်ရမှာဖြစ်ပါတယ်" ဟု ယာယီသမ္မတကြီးကပြောသည်။

အိမ်နီးချင်းနိုင်ငံများအနေဖြင့် မြန်မာပြည်သူများ၏ဆန္ဒကို လေးစားထောက်ခံရန်၊ တည်ငြိမ်မှုပျက်ပြားစေသည့် တရားမဝင်စစ်ကောင်စီကို အသိအမှတ်မပြုကြရန် မျှော်လင့်သည်ဟု ယာယီသမ္မတကဆိုသည်။

"ပြည်သူ့ဆန္ဒကို ဆန့်ကျင်ပြီး တရားမဝင်အာဏာသိမ်းထားရုံမက ပြည်သူကိုရက်ရက်စက်စက် အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို အားပေးခြင်း၊ ကူညီခြင်းဟာ မြန်မာပြည်သူတွေရဲ့ သဘောထားနဲ့ဆန့်ကျင်တဲ့အပြုအမူဖြစ်တယ်ဆိုတာကို သတိချပ်စေလိုတယ်" ဟု ယာယီသမ္မတကြီး ဒူဝါလရှီးလက ပြောကြားသည်။

စစ်ကောင်စီက အပြစ်မဲ့ပြည်သူများ၊ အမျိုးသမီးများ၊ ကလေးငယ်များကို ညှဥ်းပန်းနှိပ်စက်သတ်ဖြတ်နေခြင်းကို တစ်နှစ်ကျော်ကြာခံစားနေရကြောင်း ယာယီသမ္မတကြီးကဆိုသည်။

"နိုင်ငံတကာအနေနဲ့ ပြည်သူလိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီထူထောင်နိုင်ဖို့ ပိုမိုကောင်းမွန်တဲ့အထောက်အပံ့တွေပေးကြဖို့ တောင်းဆိုချင်ပါတယ်" ဟု သမ္မတကြီးကပြောသည်။

လက်ရှိပိတ်ဆို့အရေးယူမှုများမှာလည်း ထိရောက်မှုရှိသကဲ့သို့ ယင်းထက်ပိုမိုသည့် အကူအညီများပေးနိုင်ရန် သမ္မတကြီးကပြောကြားခဲ့ခြင်းဖြစ်သည်။

"နိုင်ငံတကာအနေနဲ့ ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်နိုင်ဖို့အတွက် မြန်မာပြည်သူတွေလိုလားတဲ့ ဖက်ဒရယ် ဒီမိုကရေတစ်ပြည်ထောင်စု ထူထောင်ရေးကိုအကောင်အထည်ဖော်နိုင်ဖို့အတွက် ပိုမိုကောင်းမွန်တဲ့အထောက်အပံ့တွေပေးကြဖို့ တောင်းဆိုချင်ပါတယ်။ စစ်တပ်ရဲ့ ရက်ရက်စက်စက် သတ်ဖြတ်မှုကနေ ကာကွယ်နိုင်အောင် လိုအပ်တဲ့အကူအညီပေးကြပါ" ဟု သမ္မတကြီးကပြောကြားသည်။

လက်ရှိပေးအပ်နေသည့် လူသားချင်းစာနာထောက်ထားမှုအကူအညီများကိုလည်း စစ်ကောင်စီမှတစ်ဆင့် မပေးရန် သမ္မတကြီးက ဆက်လက်ပြောကြားသည်။

#Mizzima

#ယာယီသမ္မတဒူဝါလရှီးလ

#NUGအစိုးရ

#လူသားချင်းစာနာထောက်ထားမှု

#တရားမဝင်အာဏာသိမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required