အိန္ဒိယ သံအမတ်ကြီးနှင့် မဇ္ဈိမ အသေးစိတ် အင်တာဗျူး (ပထမပိုင်း)

အိန္ဒိယ သံအမတ်ကြီးနှင့် မဇ္ဈိမ အသေးစိတ် အင်တာဗျူး (ပထမပိုင်း)

မဇ္ဈိမ အယ်ဒီတာချုပ် ဦးစိုးမြင့်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး H.E. Mr. Gautam Mukhopadhaya နှင့် အင်တာဗျူးတစ်ခု ပြုလုပ်ခဲ့ရာ၊ အိန္ဒိယ-မြန်မာ ဆက်ဆံရေး၊ Act East မူဝါဒ၊ ကုန်သွယ်မှု မြှင့်တင်နိုင်ရေးကိစ္စ၊ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရေးကိစ္စ၊ မြန်မာ့ ရွေးကောက်ပွဲအပေါ် သံအမတ်ကြီး၏ အပြုသဘောအမြင် စသည့် အကြောင်းအရာများကို သံအမတ် ကြီးက ပြောပြခဲ့သည်။

မဇ္ဈိမ-ဝန်ကြီးချုပ် Narendra Modi ရဲ့ Act East မူဝါဒနဲ့ ပတ်သတ်တဲ့ မေးခွန်းကို ကျွန်တော် စမေး ချင်ပါတယ်။ အဲဒါဟာ အိန္ဒိယရဲ့ အိမ်နီးချင်း နိုင်ငံတွေအတွက်၊ အထူးသဖြင့် မြန်မာနိုင်ငံအတွက် ဘာအကျိုး သက်ရောက်နိုင်ပါသလဲ။

သံအမတ်- Look East နဲ့ Act East တွေရဲ့ ဖောင်ဒေးရှင်းက အတူတူပါပဲ။ အရှေ့တောင်အာရှ အပါအဝင် အရှေ့အာရှ နိုင်ငံတွေနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးမှာ ယဉ်ကျေးမှု၊ စီးပွါးရေးနဲ့ တခြား သက်ဆိုင်ရာ ကဏ္ဍတွေအလိုက် ဦးစားပေးတဲ့၊ အလေးထားတဲ့ သဘောမျိုးပါ။ ဒါပေမဲ့ အဲဒီနှစ်ခုအကြား အဓိက ခြားနားချက်ကတော့ တစ်ခုက ဆောင်ရွက်မှုနဲ့ အကောင်အထည်ဖော်မှုတွေကို အလေးပေးတာပါ။ ဒါဟာ ကျွန်တော်တို့ ထိထိရောက်ရောက်ရှိမယ့် ပုံစံနဲ့ လုပ်ကိုင် ဆောင်ရွက်နေတဲ့ စီမံကိန်းတွေကို အကောင်အထည် ဖော်တာလည်း ဖြစ်ပါတယ်။ ပြီးတော့ ဒုတိယအချက်အနေနဲ့ အားထုတ်မှုအပိုင်းနဲ့ ပတ်သတ်ပြီး ပြောရမယ်ဆိုရင် ဝန်ကြီးချုပ် Modi ဟ ာဒီ Act East မူဝါဒကို အကောင်အထည်ဖော်တဲ့ နေရာမှာ အထူးအားထုတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။

သံအမတ်- ပြီးခဲ့တဲ့ တစ်နှစ်ခွဲအတွင်းမှာ အိန္ဒိယနိုင်ငံနဲ့ တရုတ်၊ ဂျပန်တို့ကြားမှာ အဆင့်မြင့်အရာရှိ ခရီးစဉ် တွေ၊ နိုင်ငံတော်အဆင့် ခရီးစဉ်တွေ ရှိခဲ့ပါတယ်။ ပြီးတော့ အိန္ဒိယ ဝန်ကြီးချုပ်ဟာ မွန်ဂိုလီးယား၊ တောင်ကိုရီးယား၊ သြစတြေးလျနဲ့ စင်ကာပူတို့ကို သွားရောက်ခဲ့ပြီး အရှေ့အာရှ အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ နှစ်ခုကိုလည်း တက်ရောက်ခဲ့ပါတယ်။ တစ်ခုက မြန်မာနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲ ဖြစ်ပြီး နောက်တစ်ခုက မကြာသေးမီက ကွာလာလမ်ပူမှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲပါ။ ပြီးတော့ နောက်တစ်ဆင့်အနေနဲ့ အာဆီယံဟာ ဆွေးနွေးညှိနှိုင်းမှု မိတ်ဖက်အနေအထားနဲ့ ဆက်ပြီး ရှိနေမှာပါ။

သံအမတ်- ကျွန်တော်တို့ရဲ့ နိုင်ငံခြားရေး ဝန်ကြီးဟာ နိုင်ငံတော်တော်များများနဲ့ ပတ်သတ်ပြီး တက်တက် ကြွကြွ ဆောင်ရွက်နေပါတယ်။ ဗီယက်နမ်နဲ့ သြစတြေးလျ အပါအဝင် နိုင်ငံအများအပြားက ခေါင်းဆောင်တွေဟာ အိန္ဒိယကို လာရောက် လည်ပတ်ခဲ့ကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ Act East မူဝါဒမှာ အားထုတ်မှုတွေ၊ တကယ် လက်တွေ့ ဆောင်ရွက်မှုတွေ အများကြီး ရှိနေပါတယ်။ အဲဒီအချက်ဟာ [Look East န ဲ့Act East ကြားက] အဓိက ခြားနားချက်လို့ ကျွန်တော် ထင်ပါတယ်။

သံအမတ်- မြန်မာနိုင်ငံအပေါ် ဘယ်လို အကျိုးသက်ရောက်မှု ရှိလိမ့်မလဲဆိုတာနဲ့ ပတ်သတ်ပြီး ပြောရ မယ်ဆိုရင် မြန်မာနိုင်ငံဟာ ကျွန်တော်တို့ရဲ့ မူဝါဒနှစ်ခုရဲ့ ဆုံမှတ်လို ဖြစ်နေပါတယ်။ ပထမတစ်ခုက တော့ ကျွန်တော်တို့ရဲ့ အိမ်နီးချင်း ပထမဦးစားပေး မူဝါဒပါ။ ဆယ်စုနှစ် အနည်းငယ်အတွင်းမှာ ကျွန်တော်တို့ နည်းနည်း မေ့ထားသလို ဖြစ်သွားခဲ့တဲ့၊ အိမ်နီးချင်း နိုင်ငံတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံဟာ ကျွန်တော်တို့ရဲ့ အိမ်နီးချင်း ပထမဦးစားပေး မူဝါဒကနေ အကျိုးကျေးဇူး ရလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ အိမ်နီးချင်း ပထမဦးစားပေး မူဝါဒရဲ့ အခြေခံအိုင်ဒီယာက ဒေသတွင်း နိုင်ငံတွေနဲ့ အိန္ဒိယ အတူတကွ အောင်မြင်ကြွယ်ဝရေးပဲ ဖြစ်ပါတယ်။ တကယ်လို့ အိန္ဒိယမှာ ဖွံ့ဖြိုးတိုးတက်လာတဲ့ စီးပွားရေး အခြေအနေတစ်ရပ် ရှိမယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေလည်း ကြွယ်ဝ အောင်မြင်သင့်ပါ တယ်။ ပြီးတော့ အိမ်နီးချင်းနိုင်ငံတွေရဲ့ ကြွယ်ဝမှုကို ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ကြွယ်ဝမှုနဲ့ သပ်သပ်စီ ခွဲထုတ်လို့ မရနိုင်ပါဘူး။

သံအမတ်- တကယ်လို့ အိမ်နီးချင်းနိုင်ငံတွေ အခြေအနေ မကောင်းဘူးဆိုရင် ကျွန်တော်တို့ အခြေအနေ ကောင်းဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ အဲဒါဟာ အပြန်အလှန် ဆက်နွယ်နေပါတယ်။

သံအမတ်- ဒုတိယအချက်ကတော့ မြန်မာနိုင်ငံဟာ အဝင်တံခါးတစ်ခုလို ဖြစ်ပြီး၊ ကျွန်တော်တို့ရဲ့ Act East မူဝါဒ အခြေတည်မယ့် နေရာလို့လည်း ဆိုနိုင်ပါတယ်။ မြန်မာနိုင်ငံဟာ အိမ်နီးချင်း နိုင်ငံတစ်ခုအ ဖြစ် ကျွန်တော်တို့အတွက် အရေးကြီးလှသလို၊ သမိုင်းကြောင်းအရ၊ ပထဝီအနေအထားအရ၊ နိုင်ငံရေး အရ အရေးကြီးလှပါတယ်။ ပြီးတော့ မဟာမဲခေါင်ဒေသက ကျန်တဲ့ နိုင်ငံတွေနဲ့ ဆက်သွယ်ဖို့ ဆုံမှတ် တစ်ခုလည်း ဖြစ်ပါတယ်။ ကုန်းကြောင်းအရရော ပင်လယ်ရေကြောင်းအရပါ အရေးပါတာပါ။ မြန်မာ နိုင်ငံရဲ့ တချို့ဆိပ်ကမ်းတွေဟာ မဟာမဲခေါင်ဒေသအတွက် အစပျိုးဖို့ ဆုံမှတ်တစ်ခု ဖြစ်နိုင်ပါတယ်။

မဇ္ဈိမ- အိန္ဒိယက ရင်းနှီးမြှုပ်နှံသူတွေနဲ့ ပတ်သတ်တဲ့ အကြောင်းကို မေးရမယ်ဆိုရင်၊ မြန်မာနိုင်ငံမှာ စီးပွားရေး အခွင့်အလမ်းတွေ ၂၀၁၀-၂၀၁၁ မှာ ပွင့်လင်းလာတဲ့အခါ မြန်မာမှာ ရင်းနှီးမြှုပ်နှံရေးနဲ့ ပတ်သတ်ပြီး အိန္ဒိယက ရင်းနှီးမြှုပ်နှံသူတွေအတွက် အတားအဆီးတွေက ဘာတွေပါလဲ။

သံအမတ်- စိုးရိမ်သောကတွေ ရှိနေတယ်လို့တော့ ပြောလို့မရပါဘူး။ ထည့်ပြီးစဉ်းစားဖို့ လိုတယ်လို့ ကျွန်တော် ယူဆတဲ့ အခြေခံအချက်ကတော့၊ ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ မြန်မာနိုင်ငံဟာ လုပ်ငန်း တွေကို ပြည်သူပိုင်တွေ စသိမ်းတဲ့အခါမှာ အိန္ဒိယ စီးပွားရေးလုပ်ငန်းတွေ တော်တော်များများဟာ မြန်မာနိုင်ငံကနေ ထွက်ခွာခဲ့ရပါတယ်။ အဲဒါနဲ့ပတ်သတ်တဲ့ မှတ်မိစရာတွေ နည်းနည်း ရှိနေပါတယ်။ ဒါပေမဲ့ အဓိက အဟန့်အတားကြီး သုံးခုလည်း ရှိနေတယ်လို့ ကျွန်တော်ထင်တယ်။ ပထမတစ်ခုက တော့ သတင်းအချက်အလက် ပြတ်လပ်မှှုပါ။ အိန္ဒိယစီးပွားရေးနဲ့ ပတ်သတ်ပြီး မြန်မာမှာ သတင်း အချက်အလက် ပြတ်လပ်မှှုတွေ ရှိပါတယ်။ အဲဒီလိုပဲ မြန်မာနိုင်ငံထဲက ရင်းနှီးမြှုပ်နှံမှှု အခွင့်အလမ်း တွေ၊ စီးပွားရေး အခွင့်အလမ်းတွေနဲ့ ပတ်သတ်ပြီး သတင်းအချက်အလက် ပြတ်လပ်မှှု ရှိနေပါတယ်။

သံအမတ်- တကယ့် လက်ရှိအခြေအနေနဲ့ ပတ်သတ်တာတွေသာမက နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှှု အခြေအနေနဲ့ ပတ်သတ်တာ အပါအဝင် မှားယွင်းယူဆထားတာတွေလည်း ပါဝင်ပါတယ်။ ဒုတိယ အချက်ကတော့ ဘဏ်စနစ်ပါ။ ဘဏ်လမ်းကြောင်းတွေ ကင်းမဲ့နေတာကလည်း ကျွန်တော်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှှုကို အတိုင်းအတာတစ်ရပ်အထိ ဟန့်တားနိုင်ပါတယ်။ ကုန်သွယ်မှှုဆိုင်ရာ ငွေကြေး မတည်မှှုကိုရော ရင်းနှီးမြှုပ်နှံမှှုဆိုင်ရာ ငွေကြေး မတည်မှှုကိုရော အဟန့်အတား ဖြစ်စေပါတယ်။

သံအမတ်- ကျွန်တော်ပြောချင်တဲ့ တတိယအချက်ကတော့ လေကြောင်းဆက်သွယ်မှှု နည်းတာပါ။ တကယ်လို့ နှစ်နိုင်ငံ ပိုပြီး ထိတွေ့ကျွမ်းဝင်လာမယ်ဆိုရင် အဲဒီလို ကွာဟချက်တွေ အများအပြားကို ဖြေရှင်းနိုင်မှာပါ။

သံအမတ်- ကျွန်တော်ဖော်ပြချင်တဲ့ နောက်ဆုံးအချက်ကတော့ ကျွန်တော်တို့ပြောနေတဲ့ ဆက်ဆံရေး ပွင့်လင်းလာမှှုဆိုတာဟာ ဒီလက်ရှိ အစိုးရလက်ထက်၊ လွန်ခဲ့တဲ့ သုံးနှစ်ကနေ ငါးနှစ်ကာလအတွင်းကို ပဲ ရည်ညွှန်းတာပါ။ ဒီကာလအတွင်းမှာတောင် မြန်မာနိုင်ငံနဲ့ နီးနီးကပ်ကပ် ဆက်ဆံခဲ့တဲ့ နိုင်ငံတွေနဲ့ တော့ မတူဘူးပေါ့။ အဲဒီ မြန်မာ့အိမ်နီးချင်း နိုင်ငံတွေနဲ့ ယှဉ်ရင် ကျွန်တော်တို့က နည်းနည်း ကင်းကွာခဲ့ ပါတယ်။

သံအမတ်- ဒါကြောင့်မို့ အခု ကျွန်တော်တို့ဟာ ဂရပ်မျဉ်းရဲ့အောက်ခြေမှာ ရောက်နေပါတယ်။ ဒါပေမဲ့ ကုန်သွယ်ရေးတွေ၊ ရင်းနှီးမြှုပ်နှံမှှုတွေနဲ့ ပတ်သတ်ပြီး နောက်ဆယ်နှစ်အတွင်းမှာ ကျွန်တော်တို့ အနေအထား တစ်ရှိန်ထိုး တိုးတက်လာလိမ့်မယ်လို့ မျှော်လင့်နိုင်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော် အဆိုးမမြင်ပါဘူး။ လက်ရှိကုန်သွယ်မှှုနဲ့ ရင်းနှီးမြှုပ်နှံမှှု ပမာဏတွေဟာ အမြင့်ဆုံးအဆင့်မှာ ရှိမနေ ဘူးဆိုတဲ့ အချက်ကိုလည်း ကျွန်တော် မစိုးရိမ်မိပါဘူး။ ကျွန်တော်တို့မှာ စီမံကိန်း အများအပြား ရှိနေတာမို့ ကျွန်တော်တို့ရဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှှု တစ်ရှိန်ထိုး တိုးတက်လာတာကို မြင်ကြရ မှာပါ။ ပြီးတော့ ကျွန်တော်တို့ရဲ့ စီးပွားရေးဟာလည်း လျင်မြန်တဲ့နှှုန်းနဲ့ တိုးတက်နေတာပါ။ အိန္ဒိယဟာ ကမ္ဘာမှာ စီးပွားရေး တိုးတက်မှှုနှှုန်းထား အမြင့်ဆုံး နိုင်ငံကြီးတစ်ခုပါ။ အဲဒါရဲ့ အကျိုးဆက်ကို မြန်မာ နိုင်ငံလို အိမ်နီးချင်း နိုင်ငံတွေလည်း ခံစားရမှာပါ။

မဇ္ဈိမ- ဆက်သွယ်ရေးနည်းနေတာနဲ့ ပတ်သတ်ပြီး ခင်ဗျား ပြောခဲ့တဲ့အခါမှာ၊ နယ်စပ်ဖြတ်ကျော် ဆက်သွယ်ရေးလမ်းကြောင်း၊ ပင်လယ်ရေကြောင်း စတာတွေနဲ့ ပတ်သတ်ပြီး ခင်ဗျား ဘယ်လိုထင်လဲ။ ဘာကြောင့်လည်းဆိုတော့ ဆက်သွယ်ရေးနဲ့ ပတ်သတ်ပြီး မြန်မာနဲ့ အိန္ဒိယကြားမှာ ပြဿနာတွေ ရှိနေတယ်လို့ ကျွန်တော် ထင်လို့ပါ။

သံအမတ်- ဆက်သွယ်ရေးနဲ့ ပတ်သတ်တဲ့ ပြဿနာတစ်ခုကတော့ အိန္ဒိယနဲ့ မြန်မာက အဓိက စက်မှှု စီးပွား သက်ဝင်လှှုပ်ရှားနေတဲ့ ဒေသတွေအကြား ထောက်ပံ့ ပို့ဆောင်ရေးလမ်းကြောင်း (logistical line) တွေဟာ နည်းနည်း အလှမ်းဝေးနေကြတာပါ။ အဲဒီလမ်းကြောင်းတွေဟာ တခြား အိမ်းနီးချင်း နိုင်ငံတွေမှာလောက် မနီးကြပါဘူး။ ဒါပေမဲ့ ခင်ဗျားသိတဲ့အတိုင်းပဲ၊ ကျွန်တော်တို့ နှစ်ပေါင်းများစွာ ဆောင်ရွက်နေကြတာပါ။ ပြီးတော့ ဝန်ကြီးချုပ် Modi ရဲ့ လက်ထက်မှာ အဲဒါဟာ အရှိန် ပြန်ရလာပါ တယ်။ အရှေ့မြောက်ပိုင်းမှာရော၊ အရှေ့မြောက်ပိုင်းနဲ့ မြန်မာနိုင်ငံကြားမှာပါ ဆက်သွယ်ရေး တိုးတက်လာအောင် ကျွန်တော်တို့ ဆောင်ရွက်နေကြပါတယ်။

သံအမတ်- လမ်းပန်းဆက်သွယ်ရေးနဲ့ ပတ်သတ်ပြီး ကျွန်တော်တို့မှာ အဓိက စီမံကိန်းနှစ်ခု ရှိပါတယ်။ ပြီးတော့ အဓိက စီမံကိန်းကြီးနှစ်ခုနဲ့ ဆက်နွယ်နေတဲ့ စီမံကိန်းငယ်နှစ်ခုလည်း ရှိပါတယ်။ ကုလားတန် ဘက်စုံ သယ်ယူပို့ဆောင်ရေး စီမံကိန်းနဲ့ သုံးနိုင်ငံ အဝေးပြေးလမ်းမ စီမံကိန်းတွေ ရှိတာကို ခင်ဗျားလည်း သိကောင်းသိမှာပါ။ သုံးနိုင်ငံ အဝေးပြေးလမ်းမကို ထိုင်း၊ မြန်မာတို့နဲ့ ပူးပေါင်း ဖောက်လုပ်နေတာဖြစ်ပြီး၊ အိန္ဒိယ အရှေ့မြောက်ပိုင်းနဲ့ ထိုင်းနိုင်ငံကို ဆက်သွယ်ပေးတဲ့ လမ်းဖြစ်ပြီး တော့၊ ထိုင်းနိုင်ငံကနေတစ်ဆင့် မဟာမဲခေါင်ဒေသရဲ့ ကျန်တဲ့အပိုင်းတွေနဲ့လည်း ဆက်သွယ်နိုင်မှာပါ။

သံအမတ်- အခုဆိုရင် ကုလားတန် စီမံကိန်းဟာ တော်တော်လေး ခရီးရောက်လာပါပြီ။ နှစ်လယ်လောက် မှာ စစ်တွေဆိပ်ကမ်းရဲ့ capacity ကို မြှင့်တင်သွားမှာပါ။ ပြီးတော့ ပလက်ဝအထိ ရေလမ်းကြောင်းက လည်း အဆင်သင့် ဖြစ်တော့မှာပါ။ ပလက်ဝမှာ ခေတ်မီဆိပ်ခံတံတားလည်း အဆင်သင့် ဖြစ်တော့မှာ ပါ။ အဲဒါဟာ စီးပွားရေး အခွင့်အလမ်း၊ ကုန်သွယ်ရေး အခွင့်အလမ်းနဲ့ ရေကြောင်းပို့ဆောင်မှှု အခွင့်အလမ်းတွေကို တိုးတက်လာစေမှာပါ။ အဲဒီစီမံကိန်းထဲမှာ ပါဝင်တဲ့ လမ်းဖောက်လုပ်မှှုကိုလည်း ဒီနှစ်ထဲမှာ စတင်မှာပါ။

သံအမတ်- သုံးနိုင်ငံ အဝေးပြေးလမ်းမ ဆောက်လုပ်ရေးကိုလည်း ဒီနှစ်ထဲမှာ စမှာပါ။ ဒီစီမံကိန်းကို ကျွန်တော်တို့ စတင် အကောင်အထည်ဖော်တော့မှာ ဖြစ်ပြီး၊ စီမံကိန်းငယ်နှစ်ခုလည်း ပါဝင်ပါတယ်။ [တမူး-ကလေး-ကလေးဝ လမ်းပေါ်က] တံတား ၉၆ ခုကို အဆင့်မြှင့်တင်သွားမှာပါ။ အဲဒါဟာ ကျွန်တော်တို့ ၂၀၀၁ ခုနှစ်ကတည်းက တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ အဲလို အဆင့်မြှင့်တင်တာကို ဒီနှစ်လယ်မတိုင်ခင် ဒါမှမဟုတ် မိုးပြတ်တာနဲ့ ချက်ခြင်း စလုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ပြီးတော့ ရိဒ်-တီးတိန် လမ်းကိုလည်း ဒီနှစ်ထဲမှာ အတည်ပြုနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ရိဒ်-တီးတိန်လမ်းနဲ့ တံတားတွေဟာ သုံးနိုင်ငံ အဝေးပြေးလမ်းမကို အားဖြည့်ပေးနိုင်မှာပါ။ ပြီးတော့ သုံးနိုင်ငံ အဝေးပြေးလမ်းမမှာ အရမ်းခက်ခဲတဲ့ လမ်းပိုင်း (ကလေးဝ-ယာကြီးလမ်း) ကိုလည်း အဆင့်မြှင့်တင်မှာပါ။

သံအမတ်- အိန္ဒိယ-မြန်မာ-ထိုင်း မော်တော်ယာဉ် သဘောတူညီချက်နဲ့ ပတ်သတ်ပြီးတော့လည်း ကျွန်တော်တို့ ယှဉ်တွဲ ဆောင်ရွက်နေကြပါတယ်။ အဲဒီ သဘောတူညီချက်ဟာ အိန္ဒိယနဲ့ ထိုင်းအကြား မော်တော်ယာဉ်တွေ အပြန်အလှန် ဝင်ရောက်ခွင့်ကို အသက်ဝင်စေမှာပါ။ သုံးနှစ်လောက် ကာလ အတွင်းမှာ၊ အဲဒီ လမ်းပန်းဆက်သွယ်ရေး စီမံကိန်းတွေ ပြီးပြည့်စုံလာတဲ့အချိန်မှာ အဲဒါရဲ့ အကျိုး သက်ရောက်မှှုကို ကျွန်တော်တို့ တွေ့မြင်ကြရမှာပါ။ အဲဒီနောက်မှာတော့ ကျွန်တော်တို့ရဲ့ ကုန်သွယ်ရေးအပေါ် အကြီးအကျယ် အကျိုးသက်ရောက်မှာကိုလည်း ကျွန်တော်တို့ တွေ့ကြရမှာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly