ဧပြီ ၁၂
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့ အာဇာနည်ဗိမာန်အနီးရှိ ဗဟိုသင်္ကြန်မဏ္ဍပ်နားတွင် ဧပြီ ၁၂ရက်နေ့ မနက် ၅နာရီက ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဗုံးဖောက်ခွဲမှုကို ဟင်္သာတမြို့ပြပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အနီးဝန်းကျင်တွင် ရောက်ရှိနေသည့် ပြည်သူများအပေါ် ငဲ့ညှာခဲ့ရသဖြင့် အစီအစဉ်အချို့ကို ဖျက်သိမ်းခဲ့ရကြောင်း ဟင်္သာတ PDFက သတင်းထုတ်ပြန်သည်။
“အဲ့နားမှာက သံဆူးကြိုးတွေကားထားတာ။ ဗုံးပေါက်တဲ့သံကိုတော့ ကြားလိုက်ရတယ်။ လူထိမထိကိုတော့ သေချာမသိဘူး”ဟု ဟင်္သာတမြို့ခံတစ်ဦးကပြောသည်။
ဗုံးပေါက်ကွဲမှုဖြစ်စဉ်အပြီးတွင် စစ်ကောင်စီတပ်များက ပိတ်ဆို့ရှာဖွေမှုများ လုပ်ဆောင်ခဲ့ပြီး အနီးဝန်းကျင်ရှိ အနှေးယာဉ်လုပ်သားအချို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် သင်္ကြန်ကာလအတွင်း လမ်းလျှောက်သင်္ကြန်ကို ဟင်္သာတမြို့ ပဒေသာဈေးရှေ့တွင် ပြုလုပ်ရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။