ကိယက်ဗ်အနီး အလောင်းပေါင်း၁,၂၀၀ ကျော်ကို တွေ့ရှိဟု ယူကရိန်း ပြော

ကိယက်ဗ်အနီး အလောင်းပေါင်း၁,၂၀၀ ကျော်ကို တွေ့ရှိဟု ယူကရိန်း ပြော
Photo - AFP

ဧပြီ ၁၁

ရုရှတပ်များ ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များ ကျူးလွန်ထားခဲ့သည်ဟု ဆိုသည့် ကိယက်ဗ် ဒေသတွင် အလောင်းပေါင်း ၁,၂၀၀ ကျော်ကို တွေ့ရှိထားကြောင်း ယူကရိန်းက ဧပြီ ၁၀ ရက်တွင် ပြောသည်။ တစ်ချိန်တည်းမှာပင် ဖြစ်လာနိုင်ခြေရှိသည့် ကြီးမားသည့် ထိုးစစ်တစ်ခု မတိုင်မီ ယူကရိန်းအရှေ့ပိုင်းမှ ဒေသခံများသည် ရှေ့တွင်ကြုံရနိုင်သည့် အခြေအနေအတွက် အားတင်းထားခြင်း သို့မဟုတ် ထွက်ပြေးတိမ်းရှောင်ခြင်းတို့ ရှိနေသည်။

ယူကရိန်း၌ ယခုသီတင်းပတ်ကုန်တွင် ရုရှတပ်များက အမြှောက်ဖြင့် အပြင်းအထန် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဖြစ်ရာ ယင်းက အိမ်နီးချင်းနိုင်ငံအပေါ် ရုရှ၏ ကျူးကျော်မှု သီတင်းပတ်ခြောက်ပတ်ကြာလာချိန်တွင် သေကျေ၊ ဒဏ်ရာရမှုများကို ထပ်တိုးစေခဲ့သည်။

ဧပြီ ၁၀ ရက်မနက်ပိုင်းက ယူကရိန်းအရှေ့မြောက် ခါကိဗ်တွင် အမြှောက်ဖြင့် ပစ်ခတ်ခံရမှုအတွင်း လူနှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသ အုပ်ချုပ်ရေးမှူး အိုလက်ဂ် ဆိုင်နီဂူဘော့ဗ်က ပြောသည်။ ယင်းမတိုင်မီ တစ်ရက်က အရှေ့တောင်ပိုင်းမြို့တွင် ဗုံးကြဲတိုက်ခိုက်မှုများအတွင်း ကလေးတစ်ဦး အပါအဝင် အရပ်သား ၁၀ ဦး သေဆုံးခဲ့ရသေးသည်။

“ရုရှစစ်တပ်ဟာ ရှေ့တန်းမှာ ဘာအောင်ပွဲမှ မရတဲ့အတွက် အရပ်သားပြည်သူတွေအပေါ် တိုက်ခိုက်မှုတွေ ဆက်လုပ်နေပါတယ်” ဟု ဆိုင်နီဂူဘော့ဗ်က တယ်လီဂရမ်တွင် ပြောသည်။

နေထိုင်သူ တစ်သန်းခန့် ရှိသည့် စက်မှုမြို့တစ်မြို့ဖြစ်သော ဒီနီပရိုတွင်လည်း ရုရှ ဒုံးကျည်များကြောင့် ဒေသလေဆိပ်တစ်ခုကို ပျက်စီးလုနီးပါး ဖြစ်စေခဲ့ပြီး အရေအတွက် အတိအကျမသိရသော သေကျေ၊ ဒဏ်ရာရမှုများကို ဖြစ်စေခဲ့ကြောင်း ဒေသအာဏာပိုင်တို့က ပြောသည်။

အရပ်သားပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များ ကျူးလွန်မှုအတွက် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ပြစ်တင်ရှုတ်ချခဲ့သည်။ ယင်းမတိုင်မီ ၎င်းသည် ဂျာမနီ ဝန်ကြီးချုပ် အိုလက်ဖ် ရှိုးဇ် နှင့် စကားပြောဆိုခဲ့ပြီး စစ်ရာဇဝတ်မှု ကျူးလွန်သည့် လက်သည်တရားခံအားလုံးကို ဖော်ထုတ်၊ ပြစ်ဒဏ်ပေးရလိမ့်မည် ဖြစ်ကြောင်း သဘောတူခဲ့ကြသည်ဟု ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly