ယူကရိန်းအပေါ် ရုရှား၏ ကျူးကျော်မှုက လက်ခံနိုင်စရာ မရှိဟု ပါကစ္စတန်စစ်တပ်အကြီးအကဲ ဝေဖန်

ယူကရိန်းအပေါ် ရုရှား၏ ကျူးကျော်မှုက လက်ခံနိုင်စရာ မရှိဟု ပါကစ္စတန်စစ်တပ်အကြီးအကဲ ဝေဖန်

လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ ရှိနိုင်သော်လည်း ပိုမိုသေးငယ်သော နိုင်ငံတစ်နိုင်ငံအပေါ် ကျူးကျော်ခဲ့သည့် ရုရှား၏ လုပ်ဆောင်မှုက လက်ခံနိုင်စရာ မရှိကြောင်း ပါကစ္စတန်စစ်တပ်၏ ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကာမာ ဘာဂျ်ဝါက ဧပြီ ၂ ရက်တွင် ပြောခဲ့သည်။

အစ္စလမ်မာဘတ် လုံခြုံရေး ဆွေးနွေးပွဲတွင် ပြောကြားစဉ် ဗိုလ်ချုပ်ကြီး ဘာဂျ်ဝါက ရုရှားအနေဖြင့် ယူကရိန်းအပေါ် ကျူးကျော်မှုကို “ချက်ချင်း ရပ်တန့်” ရလိမ့်မည် ဖြစ်ကြောင်း ပြောခဲ့သလို အဆိုပါ တုန်လှုပ်ဖွယ်ဖြစ်ရပ်က ကြီးမားသည့် ကံဆိုးမိုးမှောင်ကျမှုတစ်ခု ဖြစ်ကြောင်း ပြောခဲ့သည်ဟု Dawn က ဖော်ပြသည်။

“ပစ်ခတ်တိုက်ခိုက်မှုတွေ ချက်ချင်း ရပ်စဲဖို့နဲ့ ရန်လိုမှုတွေ ရပ်ဆိုင်းဖို့ ပါကစ္စတန်ဘက်က တောင်းဆိုထားပါတယ်။ ပဋိပက္ခအတွက် ခိုင်မာတဲ့ ဖြေရှင်းနည်းလမ်းတစ်ခု ရှာတွေ့ဖို့ ဘက်ပေါင်းစုံအကြား အမြန်ဆုံး ညှိနှိုင်း ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ကို မိမိတို့ ထောက်ခံပါတယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် ဗိုလ်ချုပ်ကြီး ကာမာ ဘာဂျ်ဝါသည် ယူကရိန်း၊ ရုရှားတို့နှင့် ပါကစ္စတန်အကြား ဆက်ဆံရေးနှင့် ပတ်သက်၍လည်း ပြောကြားသွားခဲ့သည်။

ပါကစ္စတန်သည် လွတ်လပ်ရေး ရပြီးနောက်ပိုင်း ယူကရိန်းနှင့်အကြား ထူကဲသော ကာကွယ်ရေးနှင့် စီးပွားရေး ဆက်ဆံမှုများ ရှိခဲ့ကြောင်း ဘာဂျ်ဝါက ပြောသည်။ သို့သော် အကြောင်းရင်း အများအပြားကြောင့် ရုရှားနှင့် ဆက်ဆံရေးက အချိန်အတော်ကြာ အေးစက်နေခဲ့ကြောင်း ၎င်းက ပြောခဲ့သည်။

“သဘောကွဲလွဲမှု၊ အခြားနိုင်ငံတွေအပေါ် ရန်လိုစိတ်ရှိမှုနဲ့ လွှမ်းမိုးချုပ်ကိုင်လိုမှု တို့အစား ပူးပေါင်းဆောင်ရွက်မှု၊ လေးစားတန်ဖိုးထားမှုနဲ့ တန်းတူညီမျှ ရှိမှုတို့အပေါ်မှာ ယုံကြည်သူတွေနဲ့ ယနေ့ကမ္ဘာကို တည်ဆောက်ထား တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု ပါကစ္စတန်စစ်တပ်အကြီးအကဲက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly