နိုင်ငံအရှေ့ပိုင်း၌ ရုရှတပ်များကို ရင်ဆိုင်တိုက်ခိုက်ရန် ယူကရိန်း အသင့်ပြင်

နိုင်ငံအရှေ့ပိုင်း၌ ရုရှတပ်များကို ရင်ဆိုင်တိုက်ခိုက်ရန် ယူကရိန်း အသင့်ပြင်
Photo - AFP

ဧပြီ ၁၀

နိုင်ငံအရှေ့ပိုင်းတွင် ရုရှတပ်များနှင့် ရင်ဆိုင်ရမည့် “တိုက်ပွဲကြီးများ” အတွက် အသင့်ပြင်လျက် ရှိကြောင်း ယူကရိန်း တာဝန်ရှိသူများက ပြောသည်။ ဖြစ်အံ့ဆဲဆဲ ရုရှ ထိုးစစ်တစ်ရပ်ကို စိုးရိမ်ပြီး ယူကရိန်းအရပ်သားပြည်သူ ထောင်နှင့်ချီတို့သည်လည်း နိုင်ငံအရှေ့ပိုင်းကနေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြသည်။

အစောပိုင်းတစ်ရက်က လူ ၅၂ ဦး သေဆုံးခဲ့ရသည့် ရထားဘူတာရုံ ဒုံးကျည်တိုက်ခိုက်ခံရမှု ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်ထားခဲ့သည့် ယူကရိန်းအရှေ့ပိုင်း ကရာမာတော့စ်မြို့ကနေ ဘေးလွတ်ရာရွှေ့ပြောင်းကယ်ထုတ်မှုများကို ဧပြီ ၉ ရက်တွင် ပြန်လည်စတင်ခဲ့သည်။

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည်လည်း ယူကရိန်းသို့ ရောက်ရှိခဲ့ပြီး ၎င်းသည် ကိယက်ဗ်သို့ ယခုနောက်ဆုံး လာရောက်သည့် အနောက်နိုင်ငံ ခေါင်းဆောင် ဖြစ်လာခဲ့သည်။

ရုရှ ကျူးကျော်မှုအပေါ် ယူကရိန်း၏ တုံ့ပြန်မှုကို ဂျွန်ဆင်က ချီးကျူးခဲ့ပြီး နိုင်ငံကို နောက် ဘယ်တော့မှ ကျူးကျော်မခံရနိုင်စေရေးအတွက် ယူကရိန်းကို သံချပ်ကာကားများနှင့် သင်္ဘောဖျက်ဒုံးများ ပေးမည်ဟု ပြောဆိုခဲ့သည်။

ယင်းမတိုင်မီ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ကိယက်ဗ်အနေဖြင့် ရုရှ၏ အပြင်းအထန် တိုက်ခိုက်မှုတစ်ခုကို ရင်ဆိုင်ရန် အသင့်ဖြစ်နေသည်ဟု ပြောခဲ့သည်။

“ဝမ်းနည်းစရာကနေ ကျွန်တော်တို့ဟာ အရေးကြီးတဲ့ တိုက်ပွဲတွေအတွက် ပြင်ဆင်မှုတွေကို တွေ့ကြရသလို နိုင်ငံအရှေ့ပိုင်းမှာ တိုက်ပွဲတွေက အဆုံးအဖြတ်ပေးမယ့် တိုက်ပွဲတွေဖြစ်တယ်လို့ တချို့က ပြောကြပါတယ်” ဟု ၎င်းက နိုင်ငံကိုလာရောက်သည့် ဩစတြီးယား ဝန်ကြီးချုပ် ကားလ် နီဟမ်မားနှင့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

“ကျွန်တော်တို့ဟာ တိုက်ခိုက်ဖို့ အသင့်ဖြစ်နေသလို တပြိုင်နက်တည်းမှာလည်း ဒစ်ပလိုမေစီလမ်းကြောင်းကနေတဆင့် ဒီစစ်ပွဲကို အဆုံးသတ်ဖို့ မျှော်လင့်နေပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

ယူကရိန်းခေါင်းဆောင်နှင့် ရုရှသမ္မတ ဗလာဒီမာ ပူတင်အကြား အစည်းအဝေးတစ်ခု ပေါ်ပေါက်မလာနိုင်ခင် ယူကရိန်းအနေဖြင့် အရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသတွင် ရုရှကို ပြန်တိုက်ထုတ် အနိုင်ယူရလိမ့်မည်ဟု ဇယ်လန်စကီး၏ အကြံပေး မီခါလို ပိုဒေါယက်ခ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required