ပလက်ဝတည်နေရာမှားယွင်းဖော်ပြမိ၍ NUG ကို ဝေဖန်မှုမြင့်တက်

ပလက်ဝတည်နေရာမှားယွင်းဖော်ပြမိ၍ NUG ကို ဝေဖန်မှုမြင့်တက်

ဧပြီ ၁၀

နိုင်ငံရေးအရ အကဲဆတ်သော ဒေသတစ်ခုဖြစ်သည့် ပလက်ဝမြို့နယ်တည်ရှိရာကို ချင်းပြည်နယ်အစား ရခိုင်ပြည်နယ်ဟု မှားယွင်းဖော်ပြမှုဖြစ်ပွားပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို ချင်းအမျိုးသားများက ဝေဖန်မှုမြင့်တက်နေသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာန၊ နေ့စဉ် စစ်ရေးသတင်းအကျဉ်းချုပ် တင်ပြသည့် အစီအစဉ်၌ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့၊ ညပိုင်းက ဖော်ပြခဲ့သည့် သတင်းတွင် “ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်” ဟု ရေးသားရမည့်အစား “ရခိုင်ပြည်နယ်၊ ပလက်ဝမြို့နယ်” ဟု မှားယွင်း ဖော်ပြခဲ့သည်။

ထိုရေးသားချက်က NUG ဖေ့စ်ဘုတ်စာမျက်နှာတွင် ဝေဖန်ထောက်ပြချက်များဖြစ်လာပြီးနောက် အဆိုပါပို့စ်ကို ဖြုတ်ချခဲ့သည်။

ယနေ့နံနက်ပိုင်းတွင် NUG က ပြင်ဆင်ချက်ပြန်လည်ထုတ်ပြန်ခဲ့ရာ" စာစီစာရိုက်အမှားအယွင်းကြောင့်" ဟုပါရှိပြီး "အနူးအညွတ်တောင်းပန်ကြောင်း "လည်း ဖော်ပြထားသည်။

''အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ထဲမှာ ချင်းလူမျိုးဝန်ကြီးနှစ်ယောက်တောင်ရှိနေတယ်ဗျာ။ နောက်ပြီး ဒီလိုအချိန်မှာ တိုင်းရင်းသားတွေကိုတန်ဖိုးထားပါတယ်ဆိုတဲ့ ဒါလေးမှားသွားတာဘာဖြစ်လဲဆိုတဲ့အတွေးမျိုးမထားဘဲ လေးလေးနက်နက်တောင်းပန်သင့်တယ်။အခုကတောင်းပန်တဲ့စာကိုတောင်မှ တာဝန်ယူမှုမရှိဘဲ စာစီစာရိုက်မှားယွင်းမှုလို့ပဲ ရေးထားတာတော့ မဖြစ်သင့်ဘူး''လို့ပဲယူဆတယ်ဟု ချင်းလူငယ်တစ်ဦးကပြောသည်။

ပလက်၀ဒေသခံတစ်ဦးက '' ကျွန်တော်တို့ ချင်းတွေမှာ အထူးသဖြင့်ပလက်ဝနယ်က ခတ်အဆက်ဆက် ဖိနှိပ်ခံရတယ်။ ညီနောင်တွေက ဖိနှိပ်လိုက်၊ အစိုးရကဖိနှိပ်လိုက်နှင့် သတင်းမီဒီယာတွေမှာလည်း အမြဲတမ်းမှားတယ် ။ ရခိုင်ပြည်နယ် ပလက်ဝမြို့နယ်ဆိုတာချည်းပဲ ရေးနေကြတယ်။ အဲဒီအတွက်လည်း ပလက်ဝမြို့နယ်သည် ချင်းပြည်နယ်ဆိုပြီး ရန်ကုန်မြို့လည်ခေါင်မှာ ချင်းလူမှု အရပ်ဘက်အဖွဲ့အစည်း ပေါင်းစုံဆန္ဒထုတ်ဖော်ခဲ့ပြီးပြီ'' ဟု ပြောသည်။

ပလက်၀ဒေသသည် မြန်မာနိုင်ငံ၏အနောက်ဘက်အကျဆုံးမြို့နယ်တစ်ခုဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နယ်စပ်နှင့်နီးနီးကပ်ကပ်တည်ရှိသည်။

#Mizzima

#ပလက်ဝမြို့

#ချင်းပြည်နယ်

#NUG

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly