လူသိများသော ဝီဂါသတင်းထောက်တစ်ဦး  နိုင်ငံရေးရာဇဝတ်မှုဖြင့် ထောင်ဒဏ် ၁၅ နှစ်ကျခံနေရ

လူသိများသော ဝီဂါသတင်းထောက်တစ်ဦး  နိုင်ငံရေးရာဇဝတ်မှုဖြင့် ထောင်ဒဏ် ၁၅ နှစ်ကျခံနေရ

ဧပြီ ၉

၂၀၁၇ ခုနှစ် နိုဝင်ဘာလက ပျောက်ဆုံးသွားသော ထင်ရှားသည့် ဝီဂါသတင်းထောက်တစ်ဦးသည် နိုင်ငံရေးရာဇဝတ်မှုများဖြင့် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်ကျန်းဒေသတွင် ထောင်ဒဏ် ၁၅ နှစ် ကျခံနေရသည်ဟု ၎င်း၏သားနှင့် ဒေသတွင်းအာဏာပိုင်များက RFA သို့ ပြောသည်။

နာမည်ကြီး ဝီဂါဂျာနယ် Xinjiang Civilization ၏ အယ်ဒီတာချုပ်ဖြစ်သူ ကာဘန်မာမွတ်သည် ၂၀၁၇ ခုနှစ်တွင် ဗာဂျီးနီးယားရှိ သားဖြစ်သူ ဘာရမ်ဆင်းတက်ရှ်ထံ သွားရောက်လည်ပတ်ပြီး ဇနီးနှင့်အတူ ပြန်လာပြီးနောက် လအတန်ကြာ ပျောက်ဆုံးသွားခဲ့ကြောင်း RFA က ဖော်ပြခဲ့သည်။

တရုတ်အာဏာပိုင်များသည် မာမွတ်ကိုဖမ်းဆီးပြီးနောက် လျှို့ဝှက်စွာအကျဉ်းချထားသည်ဟု ၎င်း၏သား၊ ရဲအရာရှိနှင့် ရှင်ကျန်းရှိ တရုတ်တရားရုံးအရာရှိတစ်ဦးတို့က ပြောသည်။

ယခုအခါ အသက် ၇၁ နှစ်ရှိပြီဖြစ်သော မာမွတ်သည် ဂျာနယ်၏အယ်ဒီတာချုပ်အဖြစ် ဆယ်စုနှစ်များစွာ လုပ်ကိုင်ခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်ဟု ဆင်းတက်ရှ်က ပြောသည်။  

သားဖြစ်သူသည် ကမ္ဘာတစ်ဝန်းမှ သတင်းထောက်များနှင့် ဆွေးနွေးခြင်းနှင့်  အမေရိကန်လွှတ်တော်  အမတ်များထံ သက်သေထွက်ဆိုခြင်းအားဖြင့် ဖခင်ပျောက်ဆုံးမှုနှင့်ပတ်သက်ပြီး သတင်းကြားရန် ကြိုးစားခဲ့သော်လည်း ဖခင်အကြောင်း အတိအကျ မသိရပေ။

 “ဒီကြိုးပမ်းမှုတွေက ကျွန်တော့်အဖေအကြောင်း သတင်းရဖို့အတွက် အကူအညီမဖြစ်ခဲ့ပါဘူး” ဆင်းတက်ရှ်က RFA သို့ ပြောကြားခဲ့သည်။ ဆင်းတက်ရှ်သည် သူ့ဖခင် မာမွတ်အသက်ရှင်နေကြောင်းနှင့် ထောင် ၁၅ နှစ်ကျခံနေရကြောင်း အမဖြစ်သူထံမှ ဖေဖော်ဝါရီလက ကြားသိခဲ့ရသည်။ 

 “ကာဘန်မာမွတ်ဟာ နိုင်ငံရေးရာဇဝတ်မှုတွေနဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံခဲ့ရတာပါ။ လွန်ခဲ့တဲ့ ၂ နှစ်နီးပါးလောက်က သူ့ရဲ့စီရင်ချက်နဲ့ ပတ်သက်တဲ့တရားဝင် မှတ်တမ်းတွေကို ကျွန်တော်တို့ လက်ခံရရှိခဲ့ပါတယ်” ဟု ကူချာကောင်တီရဲတပ်ဖွဲ့က RFA သို့ ဖုန်းဖြင့် အတည်ပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly