ခိုးယူခံရသော တရားဥပဒေ (သတင်း ဆောင်းပါး )

By လင်းသစ်
08 April 2022
ခိုးယူခံရသော တရားဥပဒေ (သတင်း ဆောင်းပါး )
(Photo - Police arrest a protester demonstrating against the military coup in Mandalay on February 15, 2021 /AFP)

ဧပြီ ၈

ဦးခေါင်း မျက်နှာ၊ လက်မောင်း၊ တင်ပါးအပါအဝင် ခန္ဓာကိုယ် အနှံ့အပြားတွင် ဒဏ်ရာ များစွာ ရှိနေပြီး ခါးအောက်ပိုင်း လုံချည်တွင် သွေးများ ဖြင့် ရွှဲနစ် နေသည့် အမျိုးသမီး တစ်ဦး၏ ရုပ်အလောင်း မအူပင် ခရိုင် ဆေးရုံကြီးသို့ ရောက်ရှိလာ သည်။

“အလောင်းမှာ တွေ့ရတဲ့ ဒဏ်ရာတွေက မြင်ရက်စရာကို မရှိဘူး၊ ရက်ရက် စက်စက်ကို ရိုက်နှက် ခံထား ရတာ မချိမဆန့်ပါဘဲ”ဟု ဆေးရုံ၀န်ထမ်း တစ်ဦးကပြောဆိုသည်။

နိုဝင်ဘာလ ၉ ရက်နေ့ ညပိုင်းက ထိုဒဏ်ရာများ ဖြင့် မအူပင်ခရိုင် ဆေးရုံရှိ ရင်ခွဲရုံသို့ မအူပင် မြို့ မ ရဲစခန်းမှ လာရောက်ပို့ဆောင်သည့် အမျိုးသမီး ရုပ်အလောင်းမှာ မအူပင်မြို့၊အမှတ် ၁ ရပ်ကွက်၊ စိမ်းမြကန်သာလမ်းရှိ စည်ပင်သာယာလိုင်းခန်းတွင် နေထိုင်သော ကိုဇော်မော် ခေါ် ကရင်လေး ၏ ဇနီး မတင်မော်လင်း ၏ ရုပ်အလောင်းဖြစ်ကြောင်း အတည်ပြုချက်များ ထွက်ပေါ်လာသည်။

မအူပင်မြို့ စည်ပင်သာယာ အဖွဲ့၌ အောက်ခြေ သန့်ရှင်းရေး ဝန်ထမ်း ၏ ဇနီးဖြစ်သူ မတင်မော်လင်းက ဌာနဆိုင်ရာ အရာရှိနေအိမ်များတွင် ထမင်း ချက် အဝတ်လျှော် မီးပူတိုက်၊ နေအိမ် သန့်ရှင်း ရေး အလုပ် များကို အချိန် ပိုင်းလုပ်ကိုင်သူ ဖြစ်သည်။

အသက် ၂၈ နှစ်အရွယ်ရှိ မတင်မော်လင်းသည် ကိုယ်၀န် နှစ်လ ကျော်ရှိ မိခင်လောင်း တစ်ဦး ဖြစ်ကာ ၎င်းတို့ ဇနီးမောင်နှံ၌ အရွယ် မရောက် သေးသည့် ကလေး သုံးဦး ရှိပြီး မအူပင်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဒု-ဦးစီးမှူး ၏ နေအိမ်တွင် မတင်မော်လင်း က အချိန်ပိုင်း အလုပ်ကို လုပ်ကိုင်သည်။

“အရာရှိအိမ်တွေမှာ အလုပ်လုပ်တယ် ဆိုပေမယ့် သတ်သတ်မှတ်မှတ် လစာ လုပ်ခ တန်ရာတန်ကြေး ရတာမျိုး မဟုတ်ဘူး အရာရှိရဲ့ စေတနာ သဒ္ဒါကြေးပဲ ရတာပါ တစ်ခါတစ်လေတော့ အရာရှိ မိသားစု က အ၀တ်ဟောင်းလေး တွေလည်း ပေးတတ်တယ်” ဟု မတင်မော်လင်း၏ မိသားစု၀င် တစ်ဦးက ပြောသည်။

မအူပင်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဒု-ဦးစီးမှူး က ၎င်းနေ အိမ်မှ ရွှေထည် နှင့်ငွေသား တချို့ ပျောက်ဆုံးသည်ဆိုကာ မတင်မော်လင်း က ခိုးယူသည်ဟု စွပ်စွဲပြီး မအူပင်မြို့မ ရဲစခန်း သို့ တိုင်ကြားသဖြင့် မအူပင်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက မတင်မော်လင်း တို့ လင်မယား နှစ်ယောက် စလုံးကို နိုဝင်ဘာ ၉ရက်နေ့ နံနက်ပိုင်း က ဖမ်းဆီးခဲ့သည်။

“ရဲတွေက မနက်ပိုင်းမှာ ဖမ်းသွားတယ် နောက်တစ်နေ့ မနက်ကျတော့ မတင်မော်လင်း ကို ရဲတွေက ရိုက်စစ်တာ ညကသေ သွားပြီလို့ သိရတယ်” ဟု စည်ပင်လိုင်းခန်းနေ ၀န်ထမ်း မိသားစု၀င် တစ်ဦး ကပြောသည်။

ရိုက်နှက် စစ်ဆေးသည့်အဖွဲ့တွင် မအူပင်မြို့မရဲစခန်းမှ နယ်ထိန်းရဲ ငါးဦးနှင့် မအူပင် ခရိုင် ဒုစရိုက် နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ အရာရှိ နှစ်ဦးတို့ ပါ၀င်ပြီး အား လုံးမှာ အရက် အလွန်အကျွံမူး နေကြသည်ဟု မအူပင်မြို့မရဲစခန်း နှင့် နီး စပ်သူ အချို့ထံက သိရသည်။

၎င်းတို့ လင်မယား နှစ်ဦးကို တစ်ယောက်စီ နေရာခွဲ၍ မအူပင်မြို့မ ရဲစခန်းမှ နယ်ထိန်း အဖွဲ့ နှင့် မအူပင် ခရိုင် ဒုစရိုက် နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ အရာရှိ နှစ်ဦးတို့ အလှည့်ကျ ၀င်ရောက်ကာ ရိုက်နှက် စစ်ဆေးကြ သည်ဟု ဆက်သိရ သည်။

မအူပင်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ က မတင်မော်လင်း ၏ ယောက်ျားဖြစ် သူ ကိုဇော်မော် ခေါ် ကရင်လေး၏ ကျောကုန်း တင်ပါးတို့ကို တုတ်ဖြင့် အချက်ပေါင်းများစွာ ရိုက်နှက်ခဲ့သဖြင့် တင်ပါး နှစ်ဖက် စလုံးတွင် အရေပြား များ ညိုမဲ ပေါက်ပြဲသည့် ဒဏ်ရာများ ရရှိခဲ့သည်။

မတင်မော်လင်း၏ ခင်ပွန်း က “ရက်စက်တယ်ကွာ ငါ့မိန်းမကို ရိုက်တာ နှက်တာ လက်တွေ ပေါင်တွေ တင်ပါးတွေကိုရိုက်တာ ခါးကို ထိသွားတယ် သွေးတွေဆင်းတာ မြင်လို့မကောင်းဘူး ပြီးတော့ ငါ့မိန်းမ မေ့လဲကျသွား တယ် အသက်ပြန် ပါမလာတော့ဘူး” ဟုပြောသည်။

ဆက်လက်ပြီး ၎င်း၏ အင်္ကျီကိုလှန်၍ ကျောကုန်းမှ ဒဏ်ရာများကိုပြကာ ”ငါ့ကို လည်း ရိုက်တယ်၊ တုတ်အလုံး နဲ့ရိုက်တာ နာလွန်းလို့ အော်လည်း ဆက်ရိုက်တယ် ခေါင်းကို အရိုက်ခံ ရလို့ သွေးတွေ စီးကျလာတယ် မျက်လုံးတွေ ပြာဝေသွားတယ်” ဟု ဆက်လက် ပြောဆို သည်။

နို၀င်ဘာ ၁၀ ရက်နေ့ နေ့လယ်ပိုင်းမှ စတင်၍ ရဲတပ်ဖွဲ့၏ ညှဉ်းပန်း နှိပ်စက် ရိုက်နှက် စစ်ဆေးမှုကြောင့် သေဆုံးခဲ့သည့် မတင်မော်လင်း၏ ရုပ်အလောင်း ဓာတ်ပုံများ လူမှုကွန်ရက် စာမျက်တွင် ပြန့် နှံ့ သွား သည်။

ဓာတ်ပုံများထဲတွင် မတင်မော်လင်း၏ မျက်နှာ၊ လက် နှစ်ဖက်စလုံး လက်ဖျံမှ လက်မောင်းအရင်းအထိ ညိုမဲကာ ဖူးရောင် နေသည်။ တင်ပါး နှစ်ဖက် စလုံးတွင်လည်း အရှိုးရာများ အထပ်ထပ် ရှိကာ နောက်ကျော ခါးပိုင်းမှ ပေါင်ရင်းအထိ ညိုမဲ နေသည့်အပြင် တင်ပါး အရေပြားများမှာ ပေါက် ပြဲနေသည်၊ ခ န္ဓာကိုယ် ၏အရှေ့ဘက် ပေါင်ရင်း နှစ်ဘက် ၊ ခြေသလုံးများနှင့် ကျောကုန်းတို့တွင်လည်း ညိုမဲ နေသည်။

“သူခိုးဖြစ်ဖြစ် ဓါးပြဖြစ်ဖြစ် ဒီလို စစ်ဆေးတာက ရဲကျင့်၀တ် စည်းကမ်းကို ချိုးဖေါက်တာပါ ခုဖြစ်ရပ်မှာ ရဲတွေက လူသတ်မှု ကိုပါကျူးလွန်ခဲ့တယ်” ဟု တရားလွှတ်တော် ရှေ့နေ ဦးကျော်ကျော် (အမည်လွှဲ)က မှတ်ချက်ပြု ပြော ကြားသည်။

ရဲတပ်ဖွဲ့ဝင်များ၏ ရိုက်နှက်ညှဉ်းပန်း နှိပ်စက်မှုကြောင့် မတင်မော်လင်း သေဆုံးခဲ့ပြီး နှစ်ရက်အကြာတွင် မအူပင်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မှ ဒုဦးစီးမှူး ၏ ပျောက်ဆုံး နေသော ရွှေထည်နှင့် ငွေသားများ ပြန်လည် တွေ့ရှိကြောင်းသိရသည်။

၎င်း၏ နေအိမ် ၌ပင် ပျောက်ဆုံး နေသော ရွှေထည် နှင့် ငွေသား အားလုံးကို ပြန်တွေ့ ခြင်းဖြစ်ပြီး နေရာ အထားမှားနေ၍ဟု ဒု ဦးစီးမှူး ကခပ်ပေါ့ပေါ့ ဖြေကြားသည့် ထိုနေ့မှာပင် မတင်မော်လင်း၏ ရုပ်လောင်း ကို စစ်ကောင်စီက လွဲ‌ပြောင်းပေး၍ မီးသင်္ဂြိုလ် လိုက်ကြသည်။

“မြင်မကောင်းအောင် ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေကို တွေ့မှာစိုးလို့ လူမသိ သူမသိ မီးသင်္ဂြိုလ်တာပါ ဥပဒေရဲ့အထက် မှာ ရှိနေသူတွေ ရှိနေတော့ နစ်နာသူတွေ အတွက် တရားမျှတမှု က မျှော်လင့်ချက်မရှိ ဘူး” ဟု လူအခွင့် အရေး တက်ကြွလှုပ်ရှားသူ ဦးတင်ဝင်း (အမည်လွှဲ)က ကောက်ချက်ချသည်။

အုပ်ချုပ်သူ အရာရှိတစ်ဦး၏ ပေါ့ဆမှု က အစပြုသည့် ရဲတပ်ဖွဲ့ဝင်များ၏ တရားမဲ့ပြုကျင့် များကြောင့် မတင်မော်လင်း ၏ ကျန်ရစ်ခဲ့သည့် လူမမယ် ကလေး သုံးယောက်မှာ မိခင်မဲ့ ကလေးများ ဖြစ်ကြရ သည်။

မအူပင်မြို့မရဲစခန်းတွင် မတင်မော်လင်း တို့လင်မယား နှစ်ဦးသာနှိပ်စက် ညှဉ်းပန်း ရိုက်နှက်ခံရခြင်း မဟုတ်၊ အကြောင်း အမျိုးမျိုးကြောင့် ဖမ်းဆီး စစ်ဆေးခံရသူများလည်း နည်းလမ်းအသွယ်သွယ်ဖြင့် နှိပ် စက် ညှဉ်းပန်း စစ်ဆေးခံရသည်။

အဆိုးဆုံးမှာ ‌ခြေသလုံးကို မျဉ်းလုံး၊ ဘီယာပုလင်းတို့ဖြင့် လှိမ့်ခြင်း ကျော ရင် တင်ပါး တို့ကို ဝါးစိမ်းတုတ်၊ သစ်ကိုင်းစိမ်းတုတ် များဖြင့်ရိုက်နှက် ခြင်းဖြစ် သည်ဟု ယင်း ရဲစခန်းမှ ရဲများ၏ ဖမ်းဆီး နှိပ်စက်ခြင်း ခံရ သူများထံ က သိရသည်။

စစ်ကောင်စီ နှင့် ၎င်း၏လက်အောက်ခံ ရဲတပ်ဖွဲ့က မတင်မော်လင်း သေဆုံး ရသည့် အကြောင်းရင်းအား ဆင်သေကို ဆိတ်သားရေဖြင့် ဖုန်းကွယ် ကြရန်ကြိုးပမ်းကြသည်။
“ရဲတွေက အလောင်းကို ဆေးရုံလာပို့ရင်း ကောင်မလေး က စစ်ဆေးနေ တုန်းမှာ သွေးတက်လို့သေသွား တာဆိုပြီး ပြောသွားတယ်”ဟု အမည်မဖော် လိုသည့် ဆေးရုံဝန်ထမ်း တစ်ဦး ကပြောသည်။

ထို့အပြင် သေဆုံးသူ မတင်မော်လင်း တွင် ကိုယ်ဝန် နှစ်လကျော်ရှိသည်ဟု မအူပင်မြို့ခံ တချို့နှင့် စည်ပင် ဝန်ထမ်း လိုင်းခန်းနေထိုင်သူ အချို့က ပြောဆိုကြသော်လည်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့ နှင့် မအူပင် ဆေး ရုံကြီး မှတာဝန်ရှိသူ တို့က အတည်ပြုမပေးပါ။

မတင်မော်လင်း သည် ရဲတပ်ဖွဲ့မှ စစ်ဆေးနေစဉ် နောက်ပြန် ချော်လဲကျ၍ ဦးခေါင်း နှင့် ကြမ်းပြင် ထိ ခိုက်၍ သေဆုံးခဲ့သည်ဟု ဆေးစာတွင် ရေးသွင်း ရန် စစ်ကောင်စီ ၏ စစ်တပ်ဘက် ဆိုင်ရာ တို့က မအူ ပင် ဆေးရုံ မှ တာဝန် ရှိသူများအား ဖိအားပေး စေခိုင်းခဲ့ကြောင်း သိရသည်။

စစ်တပ်ဘက်ဆိုင်ရာ တို့က ဖိအားပေး သည့် အတိုင်း ဆေးစာတွင် ဦး ခေါင်းထိခိုက် သွေးယိုစိမ့် ဟူ၍ သာဖော်ပြခဲ့ပြီး ဦးခေါင်း နှင့် ခန္ဓာကိုယ် အနှံ့အပြားတွင် ရရှိထားသော ဒဏ်ရာများကိုမူ ထည့်သွင်း ဖော်ပြခြင်း မပြုခဲ့ပေ။

နိုဝင်ဘာလ ၁၆ ရက်နေ့ တွင် သေဆုံးသူ မတင်မော်လင်း၏ ဆေးစာအား စစ်တပ်က ဖိအားပေးသည့် အ တိုင်း ရေးသွင်း ပေးခဲ့ရသည့် မအူပင်ခရိုင် ဆေးရုံကြီးမှ လက်ထောက်ဆရာဝန် ဒေါက်တာ အောင်ပိုင်ဦး က ဆက်လက် တာဝန် ထမ်းဆောင် လိုခြင်းမရှိ ဟုဆိုကာ နုတ်ထွက်စာတင်သွားသည်။

နိုဝင်လာလ ၁၈ ရက်နေ့တွင် မတင်မော်လင်း အား အသက်သေသည်အထိ နှိပ်စက်စစ်ဆေးခဲ့ကြသည့် မအူပင်ရဲတပ်ဖွဲ့ဝင်များကို ရဲတရားရုံးဖြင့် စစ် ဆေးမှုများပြုလုပ်နေကြောင်း တိုင်းရဲတပ်ဖွဲ့ရုံး အသိုင်း အ ဝိုင်းက သိရသည်။

“ရဲလုပ်ထုံး လုပ်နည်းနဲ့ အညီ စုံ/ခုံ ဖွဲ့ပြီး စစ်ဆေးဖို့ စီစဉ်နေပါတယ်။ သေဆုံးမှုနဲ့ ပတ်သက်လို့ လော လောဆယ် သေမှု၊ သေခင်းဖွင့်ပြီး စစ်ဆေးဆောင် ရွက်နေပါတယ်” ဟု တိုင်းရဲတပ်ဖွဲ့ မှူးရုံး မှ ဒုတိယ ရဲမှူးကြီး ထွန်းရွေ ကပြောသည်။

ထိုသို့ အတိအလင်း ပြောကြားခဲ့သည်မှာ ငါးလတာ ကြာမြင့်ခဲ့သော်လည်း မတင်မော်လင်း အား အသက် သေသည့် အထိ နှိပ်စက်စစ်ဆေး ခဲ့ကြသည့် မအူပင်ရဲတပ်ဖွဲ့ဝင်များအား ထိရောက်စွာ အရေးယူ ဆောင်ရွက်ခြင်း မ ရှိသေး ကြောင်း မအူပင်မြို့ခံများ ထံက သိရသည်။

ရဲကျင့်ဝတ် စည်းကမ်း ချိုးဖေါက် မှုအား ထိရောက်စွာ အရေးယူ ဆောင်ရွက် ခြင်း မရှိသဖြင့် မအူပင်မြို့ရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ နှင့် ရဲတပ်ဖွဲ့ဝင်များ က ဒေသအတွင်း လူသားစိတ်ကင်းမဲ့စွာ တရားမဲ့ပြုကျင့် မှုများ နှင့် အဂတိ လိုက်စားမှုများ ကို ပိုမို ပြုလုပ်လာကြသည်။

ထိုကဲ့သော တရားမဲ့ ပြုကျင့်သည့် ဖြစ်ရပ်များ နှင့် အဂတိလိုက်စား မှုများ မှာ ဧရာ၀တီတိုင်း မအူပင် မြို့ မ ရဲစခန်း တစ်ခုတည်း၌သာ ဖြစ်ပွားနေခြင်း မဟုတ်ပါဘဲ၊ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ ၁ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ အနှံ့ရှိ စစ်ကောင်စီ၏ စစ်တပ် နှင့် ရဲတပ်ဖွဲ့ဝင် အများစုတွင်ဖြစ် ပွားလာခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်နေ့၊ ည Iက ပုသိမ်မြို့ အမှတ် ၇ ရပ်ကွက် မျိုးချစ်ဆန်စက် အနီးနေထိုင် သည့် အသက် ၆၀ ကျော် ရှိ ဒေါ်ဌေး ၏ အိမ်တွင် သားမက်ဖြစ်သူကို ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးရာ ယခင်က လည်း သားဖြစ်သူကို ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီး နှိပ်စက်ခဲ့မှုအား ကြုံခဲ့ရဖူး သဖြင့် သား မက်ကို မဖမ်း ရန် တောင်းပန် ပြောဆိုသူ ဒေါ်ဌေး၏ လည်ပင်းကို ဒု-ရဲအုပ်က သေနတ်ဖြင့် အနီးကပ် ပစ်ခတ်ခဲ့သဖြင့် သေဆုံး သွားခဲ့သည်။

(Photo - Police carry a protester as they arrest her during a demonstration against the military coup in Mandalay on February 9, 2021 /AFP)

သို့သော်လည်း ပုသိမ် နယ်မြေ ရဲစခန်း မှ တာဝန်ရှိ ရဲအရာရှိ တစ်ဦးက သေဆုံးသူ ဒေါ်ဌေးက လုံးထွေး သတ်ပုတ် ရန်ပြုလာသဖြင့် သေနတ်မှ မတော်တဆ ကျည်ဆံထွက်သွား၍ သေဆုံးရခြင်းဖြစ်ပြီး ဖြစ်ရပ် မှန်ကို စစ်ဆေးနေဆဲဖြစ်သည်ဟု ပြောဆိုကာ သေနတ်ဖြင့် ပစ်သည့် ဒုရဲအုပ်ကို အရေးယူခြင်းမရှိခဲ့ပါ။

ဇန်နဝါရီ ၂၅ ရက် နေ့ကလည်း မကွေးတိုင်း ကံမမြို့ရှိ တောင်ချောင်း စစ် ကောင်စီ စစ်ဆေးရေး ဂိတ်မှ စစ်သားများက နေ့ပြန်တိုး အကြွေး မပေးနိုင်၍ တိုင်ကြားခံရသည့် ဒါန်းကိုင်းကျေးရွာနေ အသက် ၄၀ အရွယ်ရှိ ဒေါ်ပုဌေးကို မီးရထားသံလမ်းပေါ်တွင် နေလှန်းထားပြီး ရိုက်နှက်ခဲ့ကြသည်။

ဒေါ်ပုဌေး သည် တရားမဲ့ ရိုက်နှက် နေလှန်း ခံရသည့် ဒဏ်ရာများရရှိကာ နာကျင်မှုဝေဒနာ ခံစားရခြင်း လူ့ဂုဏ်သိက္ခာ ၊ အမျိုးသမီးတစ်ဦး၏ အရှက် သိက္ခာ ထိခိုက်နစ်နာမှု တို့ကို ခံစားရသော်လည်း ဥပဒေ အရ အကာအကွယ် အခွင့်အရေးအား မရရှိခဲ့ပေ။

ကံမမြို့ခံတစ်ဦး က ”အဲ့ဂိတ်မှာက ဆိုင်ကယ် ဆင်းတွန်းရတယ် ဖားခုန် ခုန် ခိုင်းတယ် အော်ငေါက်တယ် ဆဲတယ်၊ ရိုက်တယ်၊ ဘုမသိဘမသိ ရွာဘက် က တက်လာသူတွေ အချို့နားထဲက သွေးထွက်အောင်ပါ ရိုက်တာခံရတာ မျိုး တွေရှိတယ် မထင်ရင် မထင်သလို ဖမ်းတယ် လုပ်ချင်သလိုလုပ်နေကြတာ” ဟု ပြော သည်။

မတ်လ ၁၅ ရက်နေ့က လပွတ္တာမြို့ အမှတ် (၂) ရပ်ကွက်တွင် နေ ထိုင်သည့် အသက် ၁၉ နှစ်ရှိ စောမျိုး ဆက် ကို စစ်ကောင်စီ တပ် က PDF ဟုစွပ်စွဲကာ ဖမ်းဆီးစစ်ဆေးစဉ် မတ်လ ၁၇ ရက်နေ့ ၌ သေဆုံး သွားသည် ဟု မြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံးနှင့် နီးစပ်သူများ ထံကသိရသည်။

စစ်ကောင်စီ၏ တပ်ဖွဲ့ စခန်းချ တပ်စွဲထားသည့် မြို့လယ်ရှိ သာသနာ့ဗိမာန် -စစ်ကြောရေးစခန်း ၌ စစ် ဆေးခြင်းဖြစ်ပြီး ရိုက်နှက် စစ်ဆေးထားသည့် ဒဏ်ရာများကို ဦးခေါင်း နှင့် မျက်နှာ တို့တွင်တွေ့ရှိ ရကာ ခြေထောက် နှစ် ချောင်း စလုံး အပိုင်းပိုင်း ကျိုး၍ သေဆုံး ရခြင်းဖြစ်သည်။

မြို့ခံ ဦးကိုကိုလင်း က " သေဆုံးသူလူငယ်ရဲ့ ရုပ်အလောင်းကို မြို့က သုသာန်မှာ စစ်ကောင်စီ တပ်က မတ် လ ၁၈ ရက်နေ့က တိတ်တဆိတ် မီးသင်္ဂြိုဟ်လိုက်တယ် မိသားစု ကိုလည်း စစ်တပ်က ခြိမ်းခြောက် ထား ပုံရတယ် ရပ်ကွက်သူ ရပ်ကွက်သား တွေကို ကောင်လေး မိဘဆွေ မျိုး တွေက ဆက်ဆံပြောဆို တာကျဲ သွားတယ်" ဟု ပြောဆိုသည်။

မတ်လ တတိယ ပါတ်အတွင်း က စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ သပြေ အေးရွာမှ အမျိုး သမီး တစ် ဦးကို စစ်တပ်က ပစ်သတ်ပြီး ရုပ်အလောင်း ကို ခမရ ၃၆၈ မှ တပ်သား ဝင်းသူရ၊ မောင်တူးနှင့် ကျော်ဇင် လတ်တို့ သုံးဦးက မဖွယ် မရာ လိင်ဆက်ဆံမှု ပြုကျင့်ကြောင်း PDF များ၏ ဖမ်းဆီးခြင်း ခံ ရသော ယင်း တပ်မှ စစ်ပြေးရဲဘော် က ထုတ်ဖေါ် ပြောဆို သည့် သတင်း တစ်ရပ် လူမှုကွန်ရက် စာမျက်နှာ တွင်ပြန်နှံ့ ခဲ့ သည်။

အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ NUCC မှ ကမကထ ပြုလုပ်၍ ဇန်နဝါရီလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့ အထိ ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်သူ့ညီလာခံ က အာဏာသိမ်း အကြမ်းဖက် စစ် ကောင်စီ အနေဖြင့် ဂျနီဗာ သဘောတူညီချက် ( Geneva Convention ) အပါအဝင် နိုင်ငံတကာ လူ့ အ ခွင့်အရေး ဥပဒေများကို ချိုးဖောက်လျက် ပြည်ထောင်စု တစ်ဝန်းလုံးရှိ အပြစ်မဲ့ပြည်သူ များအား ကျယ် ကျယ်ပြန့်ပြန့် နှင့် ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီး နှိပ်စက် သတ်ဖြတ်မှုများ၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန် သည့် ရာဇဝတ် မှုများ(Crimes Against Humanity) စစ်ရာဇဝတ်မှု (War Crimes) ကျူးလွန် မှုများ၊ လူ မျိုးတုံးသတ်ဖြတ်မှုများ (Genocides) စသည့် ကျူး လွန်နေမှု မှန် သမျှကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ ခဲ့သည် ။

“အကြမ်းဖက် စစ်ကောင်စီအား ကမ္ဘာ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှ တစ်ဆင့် အပြည်ပြည်ဆိုင်ရာ ရာ ဇဝတ်ခုံရုံး( International Criminal Court ) ၌ အရေးယူ ဆောင်ရွက်နိုင်ရေး အတွက် ကြိုးပမ်း ဆောင် ရွက်သွား မည်” ဟု ယင်း ပြည်သူ့ညီလာခံအပြီး ထုတ်ပြန်ချက်တွင် ဖေါ်ပြပါရှိသည်။

အသက် ၇၅ နှစ်ရှိ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးဝင်းကြည်က“စစ်တပ် နဲ့ရဲတွေလုပ်ရပ်က လူမဆန် ဘူး လူစိတ်မရှိတာ ရက်စက် တာ ကမ်းကုန် တယ်”ဟု ပြောဆိုသည်။
မည်သည့် စစ်တပ် ရဲတပ်ဖွဲ့မဆို ကျင့်ဝတ် နှင့် စည်းကမ်း ရှိကြသော်လည်း အာဏာသိမ်း စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များ က ထိုကျင့်ဝတ် စည်းကမ်းများ ကို ချိုးဖေါက်နေကြကြောင်း အငြိမ်းစား ရဲအရာရှိ တစ်ဦး က မှတ်ချက်ပြု ပြောကြားသည်။

ဒေသအသီးသီး ၌ ရှိနေသော အာဏာသိမ်း စစ်ကောင်စီ၏ လက်နက်ကိုင် တပ်များသည် အာဏာသိမ်းမှု တစ်နှစ်တာ ကာလအတွင်း၌ အကွပ်မဲ့ကြမ်း ကဲ့သို့ ပရမ်းပတာ ဖြစ်ကာ အကျင့်ပျက်ချစားမှုများ လူသားချင်း စာနာစိတ် ကင်းမဲ့မှုများ နှင့် နိုင်ငံချစ်စိတ် ကင်းမဲ့မှုများမှာ ဗူးပေါ်သလို ဖြစ်ခဲ့ရသည်။

အမည် မဖေါ်လိုသည့် တရားလွှတ်တော် ရှေ့နေတစ်ဦး က " စစ်တပ်အာဏာ သိမ်းလိုက်တာနဲ့ တရားဥပဒေ မရှိတော့ဘူး အမိန့် ညွှန်ကြားချက်တွေပဲ လာတော့တယ် တရားဥပဒေ အခိုးခံရတယ်"ဟု ကောက်ချက်ချ ပြောကြားသည်။

၂၀၂၀ခုနှစ် ရွေးကောက်ပွဲတွင် မဲစာရင်း မသမာမှုများရှိသည်ဟု ဆိုကာ မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒမဲရလဒ်ကို ပစ်ပယ်ဆန့်ကျင်ပြီး နိုင်ငံတော် အာဏာ( ပြည်သူတို့၏ အချုပ်အခြာ အာဏာ)ကို အဓမ္မ သိမ်းယူ ခဲ့‌သော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် စစ်ခေါင်းဆောင်များ (လက်ရှိ ရလဒ် ) ပစ္စက္ခရလဒ် မှာ အလုံးစုံ ပျက်သုဉ်းရေးသာ ဖြစ်နေသည်ဟု နိုင်ငံရေး အကျဉ်းသားများ ထောက်ပံ့ကူညီရေး ကွန်ရက်က သုံးသပ်သည်။

#စစ်ကောင်စီ
#တရားဥပဒေ
#MizzimaTV
(Photo - Police carry a protester as they arrest her during a demonstration against the military coup in Mandalay on February 9, 2021 /AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required