မူးယစ်ဆေးဝါး လက်ဝယ်တွေ့မှုဖြင့် အစ္စရေးအမျိုးသမီးတစ်ဦးအား ယူအေအီးက သေဒဏ်ချမှတ် 

မူးယစ်ဆေးဝါး လက်ဝယ်တွေ့မှုဖြင့် အစ္စရေးအမျိုးသမီးတစ်ဦးအား ယူအေအီးက သေဒဏ်ချမှတ် 
Photo - Google

ဧပြီလ ၆ ရက်

ယူအေအီးနိုင်ငံသည် အစ္စရေးအမျိုးသမီးတစ်ဦးကို မူးယစ်ဆေးဝါး လက်ဝယ်တွေ့မှုဖြင့် သေဒဏ်ချမှတ်လိုက်ကြောင်း ၎င်း၏ ရှေ့နေက အင်္ဂါနေ့တွင် ပြောပြီး စီရင်ချက်ကို အယူခံဝင်သွားမည်ဖြစ်သည်ဟု ထပ်လောင်းဆိုသည်။ 

အသက် ၄၃ နှစ်အရွယ် အာရပ်-အစ္စရေး ဓာတ်ပုံဆရာမ ဖီဒါ ကီဝန်သည် မြောက်ပိုင်းဆိပ်ကမ်းမြို့ ဟိုင်ဖာမှ ဖြစ်ပြီး ပြီးခဲ့သည့်နှစ်က ဒူဘိုင်းရှိ ၎င်း၏ နေအိမ်၌ ကိုကင်း တစ်ကီလိုဂရမ် တွေ့ရှိမှုဖြင့် ဖမ်းဆီးခံရခြင်း ဖြစ်သည်။ 

ထို မူးယစ်ဆေးများမှာ သူမ အပိုင်မဟုတ်ကြောင်း ၎င်း၏ မိသားစုများက ပြောပြီး ရိုက်နှက်ဝန်ခံခိုင်းခြင်းဖြစ်သည်ဟု အစ်ကိုဖြစ်သူက အစ္စရေးရုပ်သံ Kan ဌာနသို့ ပြောသည်။ 

ရှေ့နေအဖွဲ့အနေဖြင့် လာမည့် ရက် ၃၀ အတွင်း အယူခံ တင်သွင်းသွားမည်ဖြစ်သည်ဟု ကီဝန်၏ အစ္စရေး ရှေ့နေ တာမီ အူမန်းက ဆိုသည်။  

“အယူခံ တင်သွင်းပြီးရင်တော့ သူ့ကို အကူအညီပေးဖို့ အစ္စရေးကရော ကမ္ဘာကပါ အာဏာပိုင်တွေအားလုံးနဲ့ ကျွန်တော်တို့ ဆောင်ရွက်သွားမှာ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။ 

အစ္စရေး ပြည်ပ ကောင်စစ်ဝန်ဌာနနှင့် ယူအေအီးရှိ အစ္စရေးကိုယ်စားလှယ်ရုံးတို့မှတစ်ဆင့် ယင်းအမှုကို ပါဝင်ဆောင်ရွက်နေသည်ဟု အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။ 

ဒူဘိုင်းသို့ မရောက်ခင်က ကီဝန်သည် အနောက်ဘက်ကမ်း ရာမာလက်ရှ်ဆိပ်ကမ်းမြို့တွင် နေထိုင်ခဲ့သူဖြစ်သည်ဟု ၎င်း၏ သူငယ်ချင်းတစ်ဦးက အေအက်ဖ်ပီသို့ ပြောသည်။ 

“သူက လူကောင်းပါ၊ ဒီလို အပြစ်ပေးခံထိုက်သူ မဟုတ်ဘူး”ဟု အမည်မဖော်လိုသည့် အဆိုပါ သူငယ်ချင်းဖြစ်သူက ပြောပြီး ကီဝန်ကို အစ္စရေးနိုင်ငံအနေဖြင့် ကူညီလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောဆိုသည်။ ၂၀၁၉ ခုနှစ်က အမေရိကန်- အစ္စရေး ဂျူးအမျိုးသမီးတစ်ဦးသည် ရုရှနိုင်ငံ၌ မူးယစ်ဆေးဝါး လက်ဝယ်တွေ့မှုဖြင့် အပြစ်ပေးစီရင်ခံခဲ့ရသည်။  

သို့ရာတွင် ဝန်ကြီးချုပ်ဟောင်း နေတန်ယာဟု၏ ပါဝင်ပေးမှုဖြင့် အဆိုပါ အမျိုးသမီးဖြစ်သူ ပြန်လည်လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။ 

“အဲဒီ အမျိုးသမီး ထောင်ကျနေချိန်မှာ အစ္စရေးနိုင်ငံဟာ အစိုးရတင်မကဘဲ ပြည်သူတွေကပါ သူ နောက်ဆုံး လွတ်မြောက်ဖို့အရေး အစစအရာရာ ဆောင်ရွက်ခဲ့ကြတာ ဖြစ်တယ်”ဟု အမည်မဖော်သည့် သူငယ်ချင်းဖြစ်သူက ဆိုသည်။ 

“အစ္စရေးအနေနဲ့ ဖီဒါ ကီဝန်အတွက် ဘာလုပ်ပေးကြမလဲဆိုတာ မြင်ကြရမှာပါ၊ လွှတ်တော်အမတ်တွေကရော ဘာတွေ စွမ်းဆောင်ပေးကြမလဲ တွေ့ကြရမှာပါ”ဟု ၎င်းက ပြောသည်။ 

အစ္စရေးနှင့် ယူအေအီးနိုင်ငံတို့သည် အမေရိကန် ကြားဝင်ဆောင်ရွက်သော သဘောတူညီချက်များ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ၂၀၂၀ တွင် ပုံမှန်ဆက်ဆံရေး သဘောတူညီချက် ရရှိခဲ့သည်။ 

နှစ်နိုင်ငံကြားက ကုန်သွယ်မှုသည် ပြီးခဲ့သည့်နှစ်၌ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၉၀၀ နီးပါးရှိခဲ့ကြောင်း အစ္စရေး၏ စာရင်းဇယားများအရ သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly