ဖရူဆိုမြို့နယ်၊ ထီးပေါ်ဆိုရွာတွင် စစ်ကောင်စီတပ်နှင့် KNDF ပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်

ဖရူဆိုမြို့နယ်၊ ထီးပေါ်ဆိုရွာတွင် စစ်ကောင်စီတပ်နှင့် KNDF ပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်

ဧပြီ ၆

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်၊ ထီးပေါ်ဆိုရွာအုပ်စု၊ ထီးပေါ်ဆိုရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KNDF ပူးပေါင်းတပ်တို့ ယနေ့ ဧပြီ ၆ ရက် နံနက်ပိုင်း တိုက်ပွဲဖြစ်ပွားနေကြောင်း KNDF/B-15 ပြန်ကြားရေးတာဝန်ရှိသူမှ မဇ္ဈိမသို့ပြောသည်။

တိုက်ပွဲကြောင့် နှစ်ဖက်အထိအခိုက်စာရင်းကိုမသိရသေးကြောင့်နှင့် ထီးပေါ်ဆိုရွာအုပ်စုအတွင်းရှိ ကျေးရွာခြောက်ရွာမှ ဒေသခံများစစ်ဘေးရှောင်နေကြရကြောင်းကိုလည်း ၎င်းကဆိုသည်။ သို့သော် အဆိုပါကျေးရွာအုပ်စုမှ စစ်ဘေးရှောင်ရသည့် လူဦးရေအတိအကျကိုမသိရသေးကြောင်း ပြောသည်။

အလားတူ ဧပြီ ၃ နှင့် ၄ ရက်နေ့တို့တွင် KA, KNDF ပူးပေါင်းတပ်များသည် ဖရူဆိုမြို့နယ်၊ ကဒါးလား ကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ထိတွေ့ခဲ့ရာ စစ်တပ်ဘက်မှ ခြောက်ဦးသေဆုံး ခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် ဧပြီ ၅ ရက်နေ့ကလည်း ဖရူဆိုမြို့နယ်၊ ငွေတောင်ရွာသစ်ကျေးရွာရှိ ပြည်သူပိုင်နေအိမ်တချို့ကို စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးခဲ့သေးကြောင်းလည်းသိရသည်။

တိုက်ပွဲဖြစ်ရာအနီးရှိ လမ်းများတွင်မသွားလာရန် KNDF/B-15 မှသတိပေးထားသော်လည်း လိုက်နာခြင်း မပြုသည့် ဆိုင်ကယ်နှင့် လူနှစ်ဦးကို စစ်ကောင်စီတပ်မှ ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။

“မနေ့ကဖမ်းသွားတာကသေချာတယ်။ ဒါပေမယ့် အဲဒီလူကို သတ်လိုက်လား။ ဖမ်းထားတုန်းလား ကတော့ ကျွန်မတို့ စုံစမ်းတုန်းရှင့် “ ဟု KNDF/B-15 ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးမှပြောသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ထီးပေါ်ဆိုအုပ်စုအတွင်းတွင်လည်းကောင်း၊ ဖရူဆိုမြို့နယ်တွင် အသုံးပြု နေသော လမ်းမကြီးတစ်လျှောက်တွင်လည်းကောင်း သွားလာခြင်းမပြုလုပ်ကြပါရန် အထူးထပ်မံ သတိပေးအပ်ကြောင်း KNDF/B-15 မှထုတ်ပြန်ထားသည်။

ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KNDF ပူးပေါင်းတပ်တို့ နေ့စဉ်ဆိုသလို တိုက်ပွဲဖြစ်ပွားနေသည့်အလျောက် လက်နက်ခဲယမ်းများအပြင်၊ စစ်ဘေးရှောင်များ အတွက်ပါ အကူအညီများလိုအပ်နေကြောင်း သိရသည်။

#MizzimaTV

#ကရင်နီပြည်

#ဖရူဆို

#KNDF

#တိုက်ပွဲ

#စစ်ဘေးရှောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly