နောင်ချို၊ ကုန်းမုံ့တောင်သူ ရ၀ဦး သိမ်းဆည်းခံမြေပြန်ရရေး ဆန္ဒပြတောင်းဆို

နောင်ချို၊ ကုန်းမုံ့တောင်သူ ရ၀ဦး သိမ်းဆည်းခံမြေပြန်ရရေး ဆန္ဒပြတောင်းဆို

နောင်ချို၊ ဇန်နဝါရီ ၂၆ ။          ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ ဘန့်ဘွေးကျေးရွာအုပ်စု၊ ကုန်းမုံ့ကျေးရွာရှိ ဒေသခံ ၇၀ ဦးက သိမ်းဆည်းမြေများပြန်လည်ရရှိရေးအတွက် ဇန်နဝါရီလ ၂၆ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်က တောင်းဆိုခဲ့သည်။

ကော်ဖီစိုက်ခင်းစီမံကိန်းအတွက်ဟုဆိုကာ သိမ်းယူခဲ့သည့် ထိုမြေများကို ယခုအချိန်ထိ ကော်ဖီစိုက်ခင်းပြုလုပ်ခြင်းမရှိဘဲ အကွက်များရိုက်ထားပြီး၊ လွတ်နေသည့်မြေများကို ကြံများစိုက်ပျိုးလျက်ရှိသည်ဟု ဒေသခံတောင်သူများကဆိုသည်။ ထိုကြံများကို လက်ရှိတွင် အကျဉ်းဦးစီးဌာနမှအကျဉ်းသားများဖြင့်ခုတ်ယူလျက်ရှိသည်ဟု ဒေသခံများက ဆက်လက်ပြောဆိုသည်။

"ဘယ်သူလာစိုက်လည်းမသိဘူး။ လက်ရှိတော့ အကျဉ်းဦးစီးက ခုတ်ယူနေတာတွေ့တယ်။ ပြီးတော့ မြေတွေကိုအကွက်ရိုက်ထားတယ်။ ကျွန်တော်တို့ဘာမှသိရဘူး။ ဒါကြောင့် ကျွန်တော်တို့ ဒီမြေတွေပြန်ရဖို့ တောင်းဆိုတာပါ။"ဟု ယာမြေ ၈ ဧကသိမ်းဆည်းခံထားရသူ ကိုတင့်နိုင်စိုးက မဇ္ဈိမကိုပြောသည်။

ကြံစိုက်ခင်းတာဝန်ကျ နောင်ချိုမြို့နယ် ဂယ်လောင်းအကျဉ်းစခန်းမှ ဝန်ထမ်းတစ်ဦးကို မေးမြန်းရာ "မြေသိမ်းတာမသိမ်းတာ ကျွန်တော်တို့မသိဘူး။ ဒီကြံတွေခုတ်ဆိုလို့လာခုတ်တာ ကျန်တာဘာမှမသိဘူး။"ဟုပြောသည်။

အဆိုပါသိမ်းဆည်းခံထားရသော ယာမြေများသည် ယခင်က စပါး၊ ပြောင်း၊ ပဲအမျိုးမျိုးတို့ စိုက်ပျိုးခဲ့ပြီး သိမ်းဆည်းစဉ်ကလည်း သီးနှံများစိုက်ပျိုးထားသည်ဟု ဒေသခံများကဆိုသည်။

"သူတို့လာသိမ်းတော့ အားလုံးစိုက်ထားတယ်။ အဲဒါတွေကိုလည်း ဖျက်စီးခဲ့တယ်။ အဲဒီအတွက်လည်း အလျော်လိုချင်တယ်။ ရအောင်တောင်းပါမယ်။"ဟု ၈ ဧကသိမ်းဆည်းခံရသူ ဦးရွှေပွားကဆိုသည်။

၁၃ဧကသိမ်းဆည်းခံခဲ့ရသူ အသက် ၇၅ နှစ်အရွယ် ဒေါ်အုန်းက "အမေတို့က ငွေမလိုဘူး။မြေပဲပြန်လိုချင်တယ်။ငွေလိုချင်ရင် ဓါးပြတိုက်မှာပေါ့။အမေ့သားတွေမြေးတွေကို ဒီမြေလေးတွေအမွေပေးချင်တယ်။"ဟုပြောသည်။

အဆိုပါမြေများပြန်လည်ရရှိစေရန်အတွက် ၂၀၁၆ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်က နိုင်ငံတော်သမ္မတ အပါအဝင် ဝန်ကြီးဌာနအသီးသီးကို စာတင်ထားပြီးလည်းဖြစ်သည်ဟု ဒေသခံများကဆိုသည်။

သိမ်းဆည်းမြေပြန်လည်ရရှိရန် တောင်းဆိုသူများသည် သိမ်းဆည်းခံထားရသော မြေများထဲတွင် "မြေပြန်လည်ရရှိရေး  ဒို့အရေး"ဟု ကြွေးကြော်ခဲ့ကြသည်။

သိမ်းမြေပြန်လည်ရရှိရေးအတွက် တောင်းဆိုနေသူများ တစ်လအတွင်းအကြောင်းမထူးပါက မြေသိမ်းတိုက်ပွဲဆင်နွှဲသွားမည် ဟုလည်းဆိုသည်။

တောင်သူ ၂၆ဦးပိုင် ယာမြေဧက ၂၄၂ ကို ၁၉၉၂ခုနှစ်တွင် နိုင်ငံတော်အစိုးရက ကော်ဖီစိုက်ခင်းစီမံကိန်းအဖြစ် သိမ်းယူခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly