ဖေ့စ်ဘုတ်ပေါ်ပြန်ရောက်လာသည့် စစ်ကောင်စီဝါဒဖြန့်စာမျက်နှာများ ပိတ်ပင်ပေးရန် Justice For Myanmar တောင်းဆို

ဖေ့စ်ဘုတ်ပေါ်ပြန်ရောက်လာသည့် စစ်ကောင်စီဝါဒဖြန့်စာမျက်နှာများ ပိတ်ပင်ပေးရန် Justice For Myanmar တောင်းဆို

ဧပြီ ၆

Facebook (ယခု Meta ) စာမျက်နှာထက်သို့ အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်အောက်ခံပြန်ကြားရေးစာမျက်နှာများသည် ပြန်လည်ရောက်ရှိလာခဲ့ပြန်ပြီဖြစ်သည်။

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ MRTV News Live၊ MRTV Online News၊ MRTV HD TV Channel အစရှိသည့် စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေး Facebook (ယခု Meta ခေါ်) စာမျက်နှာများသည် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှစ၍ ပြန်လည်အသက်ဝင်နေပြီဖြစ်ကြောင်း ustice For Myanmar အဖွဲ့၏ လေ့လာစောင့်ကြည့်မှုအရသိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်၏ တရားမဝင်အာဏာသိမ်းမှုနောက် စစ်ကောင်စီ၏ ရေးသားဖော်ပြချက်များနှင့် အမုန်းစကားဖြန့်ဝေမှု အပြင် သတင်းတုသတင်းမှားများ မပြန့်အောင်တားဆီးရန် MRTV အပါအဝင် စစ်တပ်ထိန်းချုပ် သတင်းဖြန့်ဝေရေး စာမျက်နှာများကို Facebook ကုမ္ပဏီသည် ၎င်းတို့စာမျက်နှာပေါ်မှ ဖယ်ရှားခဲ့သည့် တစ်နှစ်ပြည့်တိတိ အကြာတွင်ယခုလို ပြန်လည်မြင်တွေ့လာရခြင်းဖြစ်သည်။

Facebook ကုမ္ပဏီဘက်ကလည်း မြန်မာစစ်တပ်အကောင့်များ၊ ပေ့ချ်များနှင့် ဂရုများကို ထပ်ပြီးရှင်းလင်းဖယ်ရှားမှု၊ စစ်တပ်ထိန်းချုပ်ထားသည့် စီးပွားရေးလုပ်ငန်းအားလုံးကို ၎င်း၏ ပလက်ဖောင်းများပေါ်တွင် ထားရှိခြင်းမပြုရန် ပြီးခဲ့သည့်ဖေဖော်ဝါရီလက ထပ်ဆင့်ကြေညာခဲဲ့ကြောင်းJustice For Myanmar အဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

သို့သော်လည်း အဆိုပါလိုင်းများမှ စစ်ကောင်စီ၏ ဝါဒဖြန့်ချီရေးသတင်းများနှင့် သတင်းတုသတင်းမှားများကို MRTV ရုပ်သံလိုင်းနဲ့အပြိုင် အချိန်နှင့်တစ်ပြေးညီ Live အစီအစဥ်များဖြင့်ပါ ပြောင်ကျကျ ထုတ်လွှင့်နေကြခြင်းဖြစ်သည်။

ထိုသို့ထုတ်လွှင့်နေမှုနှင့်ပတ်သတ်၍ "စစ်တပ်ရဲ့ သတင်းတုသတင်းမှား ဝါဒဖြန့်ချီမှုတွေက သူတို့ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ အာဏာတည်မြဲ​ ရေးအဖို့ အလွန်အ​ရေးပါပါတယ်။ အဲ့ဒီလုပ်ဆောင်မှုတွေအတွက် Facebook ပေါ်မှာ ဖြန့်ချိခြင်းမှတစ်ဆင့် အကျိုးအမြတ်တွေ ရရှိနေတာ ကြာပြီဖြစ်တဲ့အတွက် Facebook ကလည်း ဒီရာဇဝတ်မှုတွေမှာ ဆက်စပ်နေပါတယ်" ဟု Justice For Myanmar ကထုတ်ပြန်ချက်တွင် အတိအလင်းရေးသားထားသည်။

ထို့ကြောင့် Facebook အနေနှင့် ဝါဒဖြန့်ချီရေးအပါအဝင် စစ်တပ်၏အကျိုးအမြတ်လုပ်ငန်း အားလုံးအပေါ်လည်း သက်ရောက်စေမည့် အလုံးစုံပိတ်ပင်မှုကို ချို့ယွင်းချက်မရှိ အသေအချာ လုပ်ဆောင်ပေးရန်နှင့် မြန်မာစစ်တပ်နှင့် ဆက်စပ်လုပ်ငန်းအားလုံးကို ယခု တားမြစ်ပိတ်ပင်ပေးပါဟု Justice For Myanmar အဖွဲ့ကတောင်းဆိုထားသည်။

#MizzimaTV

#Justice For Myanmar

#စစ်ကောင်စီလက်အောက်ခံ

#ပြန်ကြားရေးစာမျက်နှာ

#ဝါဒဖြန့်စာမျက်နှာ

#ပိတ်ပင်ပေးရန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly