သီရိလင်္ကာတွင် မငြိမ်မသက်ဖြစ်နေမှုကြောင့် တရုတ်က နိုင်ငံသားများကို သတိဖြင့်နေရန် မှာကြား

သီရိလင်္ကာတွင် မငြိမ်မသက်ဖြစ်နေမှုကြောင့် တရုတ်က နိုင်ငံသားများကို သတိဖြင့်နေရန် မှာကြား

သီရိလင်္ကာတွင် ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းကို အစိုးရက ကိုင်တွယ်ဖြေရှင်းပုံနှင့်ပတ်သက်၍ လူထုမငြိမ်မသက်မှုများ တိုးမြင့်လာနေချိန်တွင် တရုတ်က ၎င်းနိုင်ငံတွင်းရှိ တရုတ်နိုင်ငံသားများအား သတိရှိစွာ နေကြရန် ပြောကြားထားသည်။

ဧပြီ ၃ ရက်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်ကိုလံဘိုမြို့ရှိ တရုတ်သံရုံးတို့က “သီရိလင်္ကာရှိ စီးပွားရေးအခြေအနေသည်လူ့အဖွဲ့အစည်းအတွင်း မရေရာမသေချာမှုများ သိသိသာသာ မြင့်တက်လာမှုနှင့်အတူ အကျပ်အတည်းဆိုက်နေသည်” ဟု တရုတ်ဘာသာဖြင့် သတိပေးချက်တစ်စောင်တွင် ဖော်ပြထားသည်။

သီရိလင်္ကာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံသားများကိုလည်း “ဒေသန္တရလုံခြုံရေးအခြေအနေကို အထူးဂရုပြုရန်၊ စုဝေးပွဲများ၊ ဆန္ဒပြပွဲများ သို့မဟုတ် အခြားလှုပ်ရှားမှုများတွင်ပါဝင်ခြင်းမပြုရန်၊ သက်ဆိုင်ရာ နယ်မြေဥပဒေနှင့် စည်းကမ်းများကို လိုက်နာရန်၊ သတိရှိရှိနေရန်၊ ဘေးကင်းရေးကို အာရုံစိုက်ရန်နှင့် အထူးသတိထားရန်” မှာကြားထားသည်။

သီရိလင်္ကာသမ္မတ ဂိုတာဘာယရာဂျာပတ်ဆာ၏အိမ်တော်အနီးတွင် မတ်လ ၃၁ ရက်က ဆန္ဒပြသူများနှင့် ရဲများ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး သတင်းထောက်အချို့အပါအဝင် လူ ၅၀ နီးပါးဒဏ်ရာရခဲ့ကာ ရဲကားများ မီးရှို့ခံရပြီးနောက် အဆိုပါ သတိပေးချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မကြာမီ အစိုးရက အရေးပေါ်အခြေအနေကြေညာခဲ့ပြီး ဧပြီ ၂ ရက်ညတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၃၆ နာရီကြာ အပြင်မထွက်ရအမိန့်ထုတ်ပြန်ခဲ့ရကာ Facebook၊ WhatsApp၊ Twitter နှင့် YouTube အပါအဝင် လူမှုမီဒီယာပလက်ဖောင်းများကို ဧပြီ ၃ ရက်ကပိတ်ပစ်ခဲ့သည်။

ကပ်ရောဂါကြောင့် ခရီးသွားလုပ်ငန်း ဝင်ငွေကျဆင်းလာပြီးနောက် အကြွေးပိနေသော အစိုးရသည် နိုင်ငံခြားအရန်ငွေ နည်းပါးလာသောကြောင့် ကျွန်းနိုင်ငံသည် သမိုင်းတစ်လျှောက် အဆိုးရွားဆုံး စီးပွားရေး အကျပ်အတည်းများနှင့် ရင်ဆိုင်နေရသည်။

နိုင်ငံ၏စီးပွားရေးကို ကယ်တင်ရန်အတွက် သီရိလင်္ကာသည် အလားအလာရှိသော ချေးငွေအစီအစဉ်များအတွက် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများနှင့် တရုတ်နှင့် အိန္ဒိယတို့ကဲ့သို့ အိမ်နီးချင်းနိုင်ငံများနှင့် ဆွေးနွေးလျက်ရှိသည်။

တရုတ်သံအမတ်ကြီး ချီကျန်းဟောင်ကလည်း အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ချေးငွေနှင့် တရုတ်နိုင်ငံမှ ကုန်ပစ္စည်းများဝယ်ယူရန် အကြွေးစနစ်ဖြင့် အမေရိကန်ဒေါ်လာ ၁ ဒဿမ ၅ ဘီလီယံ တို့ကိုသီရိလင်္ကာသို့ထောက်ပံ့ရန် စဉ်းစားနေကြောင်း ပြီးခဲ့သည့်လက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly