တရုတ်၏ စစ်လက်နက်ဝယ်ယူရေး ပိုမိုကောင်းမွန်စေရန် သမ္မတရှီကျင့်ဖျင်က စည်းမျဉ်းအသစ်များ အတည်ပြုပြဋ္ဌာန်း

တရုတ်၏ စစ်လက်နက်ဝယ်ယူရေး ပိုမိုကောင်းမွန်စေရန် သမ္မတရှီကျင့်ဖျင်က စည်းမျဉ်းအသစ်များ အတည်ပြုပြဋ္ဌာန်း

အမေရိကန်က အင်ဒို-ပစိဖိတ် မဟာဗျူဟာကို အတည်ပြုခြင်းနှင့် ရုရှားက ယူကရိန်းအား တိုက်ခိုက်ပြီး တစ်လအကြာတွင် တရုတ်သမ္မတရှီကျင့်ဖျင်က နိုင်ငံ၏စစ်လက်နက် ဝယ်ယူရေးကို အားကောင်းခိုင်မာစေရန် စည်းမျဉ်းအသစ်များကို အတည်ပြုပြဋ္ဌာန်းလိုက်သည်။

တရုတ်နို်ငငံ၏ ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ ကွန်ဂရက် (NPC) ၏ ၅ နှစ်မြောက် အစည်းအဝေး ဖွင့်ပွဲနေ့ကပင် ၂၀၂၂ ခုနှစ်အတွက် ကာကွယ်ရေးဆိုင်ရာ ဘတ်ဂျက်ကို အတည်ပြုထားခဲ့ပြီး ဖြစ်သည်။

‘စစ်လက်နက်ပစ္စည်း ဝယ်ယူရေးဆိုင်ရာ စာချုပ်များနှင့် သက်ဆိုင်သည့် ထိန်းချုပ်စီမံရေးဆိုင်ရာ ကြားဖြတ် သတ်မှတ်ချက်များ’ ဟု အမည်ပေးထားသည့် စည်းမျဉ်းများသည် အခန်း ၃ ခန်းနှင့် ၃၅ ပိုဒ်ပါဝင်ကာ မတ် ၂၀ ရက်က စတင် အသက်ဝင်ခဲ့သည်။

စည်းမျဉ်းအသစ်များက တရုတ်နိုင်ငံတွင် စစ်လက်နက်ပစ္စည်း ဝယ်ယူရေး လုပ်ငန်းစဉ်များကို ပိုမိုကောင်းမွန် ထိရောက်စေမည်ဖြစ်သည်။ ပစ္စည်းများဝယ်ယူရာတွင် အကြောင်းအရာအသစ်နှင့် စီမံခန့်ခွဲမှုတို့ ပါဝင်နိုင်ကြောင်း ဆင်ဟွာသတင်းဌာန၏ ရေးသားချက်ကို ကိုးကား၍ ဟောင်ကောင်ပို့စ် သတင်းတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံ၏ ကာကွယ်ရေး ဘတ်ဂျက်သည် အခြား ဒီမိုကရေစီနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ဆက်တိုက် မြင့်တက်ခဲ့သော်လည်း စစ်ဘက်အတွက် အမှန်တကယ် အသုံးစရိတ် မည်မျှရှိသည်ကို ထုတ်ပြန်ခဲ့ခြင်းမရှိပေ။ တရုတ်အနေဖြင့် ကာကွယ်ရေး အသုံးစရိတ်များကို မြှင့်တင်ကာ ကမ္ဘာပေါ်တွင် စစ်ရေးအရ ဩဇာလွှမ်းမိုးနိုင်ရန် ကြိုးပမ်း လုပ်ဆောင်လျက်ရှိသည်။

၂၀၅၀ ပြည့်နှစ် ရောက်သည့်အခါ တရုတ်အနေဖြင့် အင်အားအကောင်းဆုံးနှင့် မည်သူကမှ အနိုင်မယူနိုင်သည့် နိုင်ငံဖြစ်ရန် ရည်မှန်းထားသည်။

တရုတ်စစ်တပ်အသုံးစရိတ် ကြေညာချက်အပေါ် နိုင်ငံတကာ သတင်းဌာနများက အရေးကြီးသတင်းအဖြစ် ဖော်ပြခဲ့သော်လည်း ၂၀၂၂ ခုနှစ် စစ်အသုံးစရိတ် ၇ ဒသမ ၁ ရာခိုင်နှုန်း တိုးမြှင့်ခြင်းသည် ဥရောပတွင် ဖြစ်ပွားသည့် စစ်ပွဲကဲ့သို့ စိတ်ဝင်စားခြင်း မခံခဲ့ရပေ။

ငွေကြေးပမာဏအားဖြင့် ၂၀၂၂ ခုနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်သည် ယွမ် ၁ ဒသမ၄၅၀၄၅ ထရီလီယံ (ဒေါ်လာ ၂၂၉ ဒသမ၃၉ ဘီလီယံ) ရှိခဲ့သည်။

မတ် ၅ ရက်က ထုတ်ပြန်ခဲ့သည့် ဘတ်ဂျက်တွင် အသုံးစရိတ်ကို ဆက်လက်မြှင့်တင်ကြောင်း တွေ့ရှိခဲ့ရသည်။

လွန်ခဲ့သည့်နှစ်က တရုတ်သည် ကာကွယ်ရေးအသုံးစရိတ်ကို ၆ ဒသမ၈ ရာခိုင်နှုန်း တိုးမြှင့်ခဲ့ရာ ယွမ် ၁ ဒသမ ၃၅၅ ထရီလီယံ (ဒေါ်လာ ၂၀၉ဒသမ၄ ဘီလီယံ) အထိရှိခဲ့သည်။

ယခုနှစ်အတွင်း ကာကွယ်ရေးဘတ်ဂျက် ဒေါ်လာ၂၀ ဘီလီယံ တိုးမြှင့်ခြင်းသည် အများဆုံး မြှင့်တင်ခဲ့ခြင်း ဖြစ်သည်။ (၂၀၁၄ ခုနှစ်က ဒေါ်လာ ၁၃ ဒသမ၆ ဘီလီယံနှင့် ၂၀၂၁ ခုနှစ်က ဒေါ်လာ ၁၃ ဒသမ ၄ ဘီလီယံ အသီးသီး တိုးမြှင့်ခဲ့သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly