ဧပြီ ၄
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့၏တောင်ဘက် မိုင် ၃၀ ခန့်အကွာရှိ ထုံးကြီးကျေးရွာအနီးတွင် စစ်ကောင်စီတပ်ကို ဒေသခံမဟာမိတ်ပူးပေါင်းအဖွဲ့များက ယမန်နေ့ ဧပြီ ၃ ရက် မွန်းလွဲ ၂ နာရီ ခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၅ ဦးခန့် သေဆုံးကြောင်း KLG PDFထံမှ သိရသည်။
ယမန်နေ့နေ့လည်က စစ်ကောင်စီတပ်တွေကို ပထမအကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် အပြန်အလှန်ပစ်ခက်သည့် ထိတွေ့တိုက်ပွဲ မိနစ် ၃၀ကျော် ကြာခဲ့သည်ဟု ဆိုသည်။
"လားပို့ရွာမှာရှိတဲ့ ဆက်သွယ်ရေးတပ်စခန်းကို ရိက္ခာထောက်ပို့လုပ်ပြီးပြန်လာတဲ့ အင်အား ၈၀ လောက်ပါတဲ့ စစ်ကားလေးစီးကို ထုံးကြီးကျေးရွာအနီးမှာ မိုင်းသုံးလုံးစပြီး ထိထိမိမိခွဲလိုက်နိုင်တယ်။ ခွဲပြီးတာနဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ကျနော်တို့ဘက်က တရစပ်ပစ်ခဲ့တယ်။ စစ်ကောင်စီတပ်သား ၁၅ ဦးအထက် သေဆုံးမှု ရှိနိုင်တယ်။ ကျနော်တို့ဘက်ကတော့ ထိခိုက်မှုအနည်းငယ်ရှိခဲ့တယ် ”ဟု KLG ရဲဘော်တစ်ဦးက ပြောကြားသည်။
ယင်းတိုက်ပွဲကို KLG PDF ၊ မင်းကင်းတပ်ရင်း (၂) ၊ ရွှေသမင်မုဆိုးအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့ မှ ထိခိုက်ဒဏ်ရာရသူအချို့ ရှိခဲ့သော်လည်း အသက်အန္တရာယ် စ်ိုးရိမ်စရာမရှိကြောင်း KLG ရဲဘော်တစ်ဦးက ဆိုသည်။
ယင်းနေ့ မွန်းလွဲ ၃ နာရီခန့်တွင် စစ်ကောင်စီတပ်များက ထုံးကြီးကျေးရွာအတွင်းသို့ ဝင်ရောက်ကာ နေအိမ်ငါးလုံးကို မီးရှို့ခဲ့ကြောင်းလည်း ၎င်းကဆိုသည်။