အဓိကမဟာမိတ်ပါတီက အတိုက်အခံတို့နှင့် ပူးပေါင်းသွား၍ ပါကစ္စတန်ဝန်ကြီးချုပ် လွှတ်တော်၌ အများစု၏ ထောက်ခံမှုကို ဆုံးရှုံး

အဓိကမဟာမိတ်ပါတီက အတိုက်အခံတို့နှင့် ပူးပေါင်းသွား၍ ပါကစ္စတန်ဝန်ကြီးချုပ် လွှတ်တော်၌ အများစု၏ ထောက်ခံမှုကို ဆုံးရှုံး

ပါကစ္စတန်ဝန်ကြီးချုပ် အီမရန် ခန်း ဦးဆောင်သော (PTI) အစိုးရ၏ အရေးပါသော မဟာမိတ်နှင့် အဓိက ညွန့်ပေါင်းမိတ်ဘက် ဖြစ်သည့် မွတ်တားဟီဒါ ကွေမီ လှုပ်ရှားမှု-ပါကစ္စတန် (MQM) ပါတီသည် ယခုအခါ အတိုက်အခံ ပါကစ္စတန် ပြည်သူ့ပါတီ (PPP) နှင့် ပူးပေါင်းမှုဆိုင်ရာ သဘောတူညီချက် ရရှိသွားပြီးနောက် ယင်းသည် အာဏာရအစိုးရအတွက် အဓိက ထိုးနှက်ချက် ဖြစ်လာခဲ့သည်။

“ညီညွတ်သော အတိုက်အခံတွေနဲ့ MQM တို့ဟာ သဘောတူညီချက်တစ်ခုကို ရရှိခဲ့ပါပြီ။ MQM ကော်မတီနဲ့ PPP စီအီးစီတို့ဟာ အဲဒီ သဘောတူညီချက်ကို အတည်ပြုလက်မှတ်ထိုးပါလိမ့်မယ်။ အဲဒီနောက် မနက်ဖြန် သတင်းစာရှင်းလင်းပွဲမှာ အသေးစိတ်အချက်အလက်တွေကို ကျွန်တော်တို့ မီဒီယာကို ထုတ်ပြန်ပါမယ်။ ကွန်ဂရက်ကျူလေးရှင်းပါ၊ ပါကစ္စတန်” ဟု PPP ဥက္ကဋ္ဌ ဘီလာဝဲလ် ဘူတို ဇာဒါရီက တွစ်တာတွင် ရေးသည်။

အဆိုပါ အခြေအနေကြောင့် ဝန်ကြီးချုပ် ခန်းကို အယုံအကြည်မရှိ အဆို တင်သွင်းမဲခွဲမှု မတိုင်မီ အာဏာရ PTI အစိုးရအနေဖြင့် ပါလီမန် အောက်လွှတ်တော်တွင် အများစု၏ ထောက်ခံမှုကို ဆုံးရှုံးလိုက်ရပြီ ဖြစ်သည်။

အာဏာရ ညွန့်ပေါင်း မိတ်ဘက် MQM-P က အီမရန် ခန်း ဦးဆောင်သော အစိုးရနှင့် လမ်းခွဲရန် ဆုံးဖြတ်ခဲ့ပြီးနောက် ပူးပေါင်းအတိုက်အခံတို့သည် အမျိုးသားလွှတ်တော်၌ အမတ်နေရာ ၁၇၇ အထိ ရှိသွားပြီး အီမရန်ခန်း ဦးဆောင်သော အစိုးရက အမတ်နေရာ ၁၆၄ ရှိနေကြောင်း သိရသည်။

ဝန်ကြီးချုပ်ကို အယုံအကြည်မရှိ အဆို တင်သွင်းမဲခွဲမှု အောင်မြင်နိုင်ရန် ပူးပေါင်း အတိုက်အခံတို့အနေဖြင့် အမျိုးသားလွှတ်တော်အမတ် ၁၇၂ ဦး၏ ထောက်ခံမှုကို ရရန် လိုအပ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required