ပါကစ္စတန် ဘာလိုချီစတန်ပြည်နယ် ရွေးကောက်ပွဲများတွင် အမျိုးသမီးကိုယ်စားလှယ်လောင်းများ ပိုမို ပါဝင်ယှဉ်ပြိုင်ခွင့်ရရေး တောင်းဆို

ပါကစ္စတန် ဘာလိုချီစတန်ပြည်နယ် ရွေးကောက်ပွဲများတွင် အမျိုးသမီးကိုယ်စားလှယ်လောင်းများ ပိုမို ပါဝင်ယှဉ်ပြိုင်ခွင့်ရရေး တောင်းဆို

ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ်ရှိ အဓိကနိုင်ငံရေးအဖွဲ့အစည်းအချို့ကို ကိုယ်စားပြုသည့် အမျိုးသမီးများသည် ရွေးကောက်ပွဲများ၌ ယှဉ်ပြိုင်ရန် အမျိုးသမီးကိုယ်စားလှယ်လောင်းများကို ရွေးချယ်နေရာပေးရေး သက်ဆိုင်ရာပါတီများကို တိုက်တွန်းထားကြောင်း Daily Times Pakistan သတင်းဌာနက ဖော်ပြသည်။

ပြည်နယ်၏ ဥပဒေပြုရေး လုပ်ငန်းစဉ်များအတွင်း အမျိုးသမီးများ ပိုမိုကြီးမားသော အခန်းကဏ္ဍတစ်ခုကနေ ပါဝင်နိုင်စေရေးအတွက် တောင်းဆိုခြင်းလည်း ဖြစ်သည်။

“ဒေသန္တရ အစိုးရစနစ်၊ အနာဂတ်အတွက် အစိုးရ၏ စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ” ဆိုသည့် ခေါင်းစဉ်ဖြင့် ညီလာခံတစ်ရပ်ကို ကျင်းပခဲ့ပြီး ယင်းကို Aurat ဖောင်ဒေးရှင်းနှင့် တောင်အာရှဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့တို့က ပူးပေါင်းစီစဉ်ခဲ့ကြောင်း Daily Times Pakistan သတင်းဌာနက မတ်လ ၂၃ ရက်တွင် ဖော်ပြသည်။

“ဒီအစီအစဉ်က ဒီမိုကရေစီစနစ်ကို အားကောင်းစေအောင် အထောက်အပံ့ဖြစ်စေပါလိမ့်မယ်။ နောက်ပြီး နိုင်ငံမှာရှိတဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ အမျိုးသမီးတွေကို တန်းတူညီတူ အခွင့်အရေးတွေ ပေးတယ်ဆိုတဲ့ မက်ဆေ့ချ်တစ်ခုကိုလည်း အခြားနိုင်ငံတွေကို ပေးရာ ရောက်ပါလိမ့်မယ်” ဟု ညီလာခံ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါညီလာခံတွင် ပါကစ္စတန် တေရက်-အီ-အင်ဆက်ဖ် (ပီတီအိုင်) ၏ ဘာလိုချီစတန်ဆိုင်ရာ အမျိုးသမီးဂိုဏ်း၏ ဥက္ကဋ္ဌ ဇူလ်လိုင်ခါ မန်ဒေါ့ခဲလ်၊ ပါကစ္စတန် ပြည်သူ့ပါတီ (ပီပီပီ) မှ ကူလ်ဆွန်းမ် အစ်ဖ်တီခါ ၊ ဘာလိုချီစတန် အမျိုးသားရေးပါတီ-အဝါမီ (BNP-A) ၏ ဖာတီမာ ဘာလို့ချ် ၊ ဘာလိုချီစတန် အဝါမီ ပါတီ (BAP) ၏ ရှာနီယာ ခန်း နှင့် အမျိုးသမီး ကောင်စီဝင်ဟောင်းများဖြစ်ကြသည့် နာဂစ် မူစတာဖာ၊ ဇူဘိုင်ဒါ ပါဗင်းန်၊ ဖာဇီးလာ ဘာလို့ချ်တို့က စကားပြောဆိုခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly