တောင်ငူခရိုင်အတွင်း စစ်ကောင်စီတပ်များအား တိုက်ခိုက်ရာ ၈ ဦးသေဆုံး ဟုဆို

တောင်ငူခရိုင်အတွင်း စစ်ကောင်စီတပ်များအား တိုက်ခိုက်ရာ ၈ ဦးသေဆုံး ဟုဆို

ဧပြီ ၂

ပဲခူးတိုင်း တောင်ငူခရိုင်တွင် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁ ရက် အထိ ဆက်တိုက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ် ဦး သေဆုံးပြီး ဒဏ်ရာရသူများ ရှိကြောင်း ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်သည်။

ဧပြီလ ၁ ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့နယ် အတွင်း စစ်ကြောင်းထိုးလာသည့် တပ်အင်အား ၅၀ ခန့်ကို ဆိတ်မြောင်ကျေးရွာ အနီး တောင်ငူခရိုင် တပ်ရင်း (၃၅၀၁) တပ်ခွဲ (၁) မှ စောင့်ဆိုင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား နှစ်ဦး သေဆုံးခဲ့ကြောင်း ညနေ ၅ နာရီခန့်တွင် ပဒေသာမိုင်းခွဲ၍ လက်နက်ငယ်များဖြင့် ပစ်ခတ်ရာ တပ်သား ခြောက်ဦး ထက်မနည်း သေဆုံးကြောင်း Bago Region PDF က ထုတ်ပြန်သည်။

မတ်လ ၃၀ ရက်နေ့ မနက် ၅ နာရီ ၄၂ မိနစ်တွင် ညောင်လေးပင်မြို့နယ် တော်ဝိကျေးရွာ ဂုံမေကျည်အပိုင်း အုပ်ရေးမှူးရုံးကို ပဲခူးခရိုင် တပ်ရင်း (၁)၊ တပ်ခွဲ (၁) Eagle Guerilla Force က ဖောက်ခွဲ တိုက်ခဲ့ကြောင်း မနက် ၆ နာရီ ၄၁ မိနစ်တွင် စိုက်ပျိုးစရိတ် ချေးငွေ ကောက်ခံနေသည့် အဖွဲ့အား မိုင်းဆွဲတိုက်ခိုက်ရာ ထွေအုပ် ဝန်ထမ်း ထူးစေး၊ ရာအိမ်မှူး ကုလား (ခေါ်) တင်စိုး၊ ပြည်တော်အေးပိုင်း ရာအိမ်မှူးနိုင်ဝင်းနှင့် ရဲတပ်ဖွဲ့ဝင် တစ်ဦး အပါအဝင် လေးဦး သေဆုံးပြီး ငါးဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း ဆိုသည်။

ယင်းနေ့တွင်ပင် အမြန်လမ်း မိုင်တိုင် အမှတ် (၅၂) ရှိ စစ်ကောင်စီဂိတ်ကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ သုံးဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ထပ်မံ ရောက်လာသည့် စစ်ကောင်စီကားအား မိုင်းဆွဲရာ ကားဘေးခြမ်း ပျက်စီး၍ ထိခိုက်မှုများရှိကြောင်း ည ၇ နာရီ ၅ မိနစ်တွင် ဆွာနယ်မြေ ရဲစခန်းကို ရှော့တိုက်ပြောင်း တစ်ကြိမ်၊ ၄၀ မမ ဖြင့်တစ်ကြိမ် ပစ်ခတ် တိုက်ခိုက်ရာ ကားလမ်းနှင့် အုတ်နံရံကြား ပေါက်ကွဲခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ပဲခူးတိုင်းမှာ စနစ်တကျနဲ့ ပေါ်ပေါက်လာပြီ၊ လိုအပ်တဲ့ ပစ္စည်းတွေလည်း ဆောင်ရွက်ထားပြီ ဖြစ်တဲ့ အတွက်ကြောင့် စစ်ကောင်စီ ယန္တရားကို အခု ထပ်တိုးပြီးတော့ တိုက်ခိုက်သွားဖို့ ရှိပါတယ်၊ အဲ့ဒီ နေရာမှာ ကျွန်တော်တို့သည်လည်း ပြည်သူတွေကို မေတ္တာရပ်ခံချင် တာက ဒီစကစ (စစ်ကောင်စီ) ယန္တရား တွေနဲ့ ဝေးရာမှာ နေကြဖို့၊ တိုက်ပွဲတွေ ဖြစ်တဲ့အခါမှာ ဘေးကင်းရာမှာပဲ နေကြဖို့၊ ပြည်သူတွေ ထိခိုက်မှု အနည်းဆုံး ဖြစ်အောင် ဆောင်ရွက်တဲ့ အခါမှာ ပြည်သူတွေ ပူးပေါင်းပေးဖို့ မေတ္တာရပ်ခံပါတယ်” ဟု PDF တာဝန်ရှိသူ က ပြောသည်။

#Mizzima

#ပဲခူးတိုင်း

#တောင်ငူခရိုင်

#ဆွာ

#ရေတာရှည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly