ကရင်နီပြည်နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ် အရာရှိ ၂ ဦးအပါအဝင် ၂၃ ဦးသေ၊ KNDF ရဲဘော် ၁ ဦးကျ

ကရင်နီပြည်နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ် အရာရှိ ၂ ဦးအပါအဝင် ၂၃ ဦးသေ၊ KNDF ရဲဘော် ၁ ဦးကျ

ဧပြီ ၁

ကရင်နီပြည်တွင် တစ်ပတ်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ စခန်းကုန်းတစ်ခုအားသိမ်းဆည်းနိုင်ကာ စစ်ကောင်စီတပ်သား ၂၃ ဦးသေဆုံးပြီး KNDF ရဲဘော်တစ်ဦးကျဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF မှ မတ်လ စတုတ္ထအပတ် တိုက်ပွဲသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

စစ်ကောင်စီတပ်သည် ရှမ်းပြည်နယ်မှ ကရင်နီပြည်နယ်သို့ ယာဥ်တန်း အစီး(၄၀) စေလွှတ်ပြီး ဒီးမော့ဆိုမြို့နယ် စံပြ (၆) မိုင်ကျေးရွာ၊ (၅) မိုင်ကျေးရွာမှ ထူလွှီးဘီလာ၊ ဖရူဆိုမြို့နယ် ငွေတောင်ရွာသစ်တို့အထိထိုးလာသည့် စစ်ကြောင်းကို ဒီးမော့ဆိုနယ် ထူလွှီးဘီလာနှင့် ငွေတောင်ရွာသစ်အနီးတစ်ဝိုက်တွင် ကရင်နီပူးပေါင်း တပ်များမှ ပြောက်ကျားတိုက်ခိုက်ရာ စစ်ကောင်စီတပ်များ အထိနာခဲ့ကြောင်း သိရသည်။ 

တိုက်ပွဲသည် မတ်လ ၂၄ ရက်မှ ၃၀ ရက်အထိ နေ့စဉ်ထိတွေ့ခဲ့ပြီး လွိုင်ကော်၊ မိုးဗြဲ၊ ဖရူဆို၊ဒီးမော့ဆိုမြို့များတွင် အဓိကဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

မတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် KNDF မှ လွိုင်ကော်မြို့နယ် လင်ဖုံလေးကျေးရွာအနီး တောင်ကုန်းတွင် တပ်စွဲထားသောစစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ဆုတ်ခွာခဲ့သဖြင့် ၄င်းတောင်ကုန်းစခန်းအား သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။ 

စစ်ကောင်စီတပ်သားများ သေဆုံးသည့်စာရင်းတွင် မိုးဗြဲမြို့အခြေစိုက် (ခမရ-၄၂၂) သရက်ခြံတပ်ရင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ငါးဦး၊ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာတိုက်ပွဲတွင် ခြောက်ဦး ၊ဖရှုဆိုမြို့နယ်၊ အမှတ် (၁၄) စစ်လေ့ကျင့်ရေးကျောင်းတိုက်ပွဲတွင် နှစ်ဦး၊ဒေါငံခါးရပ်ကွက်တိုက်ပွဲတွင် အရာရှိတစ်ဦးနှင့် တပ်သားတစ်ဦး၊ ဖရူဆိုမြို့နယ် (ခမရ ၄၂၈) တပ်ရင်းအားတိုက်ခိုက်မှုတွင် အရာရှိတစ်ဦးအပါအဝင် ရှစ်ဦး စစ်ကောင်စီတပ်ဘက်မှ စုစုပေါင်း ၂၃ ဦးသေဆုံးခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ထိုတိုက်ပွဲများအတွင်း မတ်လ ၂၄ရက်ငွေတောင်ရွာသစ် တိုက်ပွဲအတွင်း KNDF B15 မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်းသိရပြီး ကျဆုံးသွားသောရဲဘော်အား KNDF မှ အမျိုးသားအာဇာနည်အဖြစ် သမိုင်းမှတ်တမ်းတင် အလေးပြုကြောင်းထုတ်ပြန်ထားသည်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဒီးမော့ဆိုမြို့နယ်၊ ထူလွှီးဘီလာကျေးရွာ မှနေအိမ် ခြောက်လုံးနှင့် ဒီးမော့ဆိုမြို့နယ် (၅)မိုင်ကျေးရွာအတွင်းတွင် နေအိမ် ငါးလုံးအားမီးရှို့ဖျက်ဆီးခဲ့ပြီး ဒီးမော့ဆိုမြို့နယ်၊ ဒေါတော်ကူးကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် သက်ကြီးပိုင်း အရပ်သားနှစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

#ကရင်နီပြည်နယ် 
#တိုက်ပွဲဖြစ်ပွါး
#စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်း
#KNDFB15
#တိုက်ပွဲသတင်းထုတ်ပြန်ချက်
#နေအိမ်မီးရှို့ဖျက်ဆီး
#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly