ဖွာပွန် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် BGF ၁၀ ဦးသေဆုံး

ဖွာပွန် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် BGF ၁၀ ဦးသေဆုံး

ဧပြီ ၁

ကရင်ပြည်နယ်၊ KNU တပ်မဟာ (၅) နယ်မြေ၊ ဖာပွန်မြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် တစ်ဦးနှင့် ကရင်နယ်ခြားစောင့် (BGF) တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးကြောင်း KNU တပ်မဟာ (၅) မူတြော် သတင်းစဉ်က ထုတ်ပြန်သည်။

KNLA တပ်ဖွဲ့နှင့် ဖြစ်ပွားသည့် မတ်လ ၃၀ ရက်နှင့် ယမန်နေ့ ၃၁ ရက် တိုက်ပွဲများတွင် သေဆုံးခြင်း ဖြစ်ကြောင်း KNU က အတည်ပြုသည်။

ဖာပွန်မြို့၊ ရှမ်းကိုင်းရပ်ကွက်ရှိ စစ်ကောင်စီတပ်ဖွဲ့ အင်အား ဖြည့်တင်းခြင်း၊ လက်နက် ခဲယမ်းနှင့် ရိက္ခာများ ပို့ဆောင်ရာတွင် အသုံးပြုသော တံတားကို မတ်လ ၃၀ ရက်နေ့တွင် ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း ဆိုသည်။

ယင်းနေ့တွင် ထီးကဆောမဲ (ဆင်စွယ်) ရှိ စစ်ကောင်စီတပ် များအား ရိက္ခာပို့ပြီး ပြန်လာသည့် ကရင် နယ်ခြားစောင့်တပ် (BGF) ကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ BGF တပ်ဖွဲ့ဝင် ကိုးဦး သေဆုံးပြီး ထိခိုက် ဒဏ်ရာရသူများ ရှိကြောင်း ပြောသည်။

အလားတူ ဖာပွန်၊ မကမို (ကမမောင်း) က ထွက်လာသည့် စစ်ကောင်စီ မြေပြင် ယန္တရားတပ် ခြောက်ဘီးကား သုံးစီး မတ်လ ၃၀ ရက် နေ့လယ်ပိုင်းတွင် နှစ်ကြိမ် တိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်ပျက်စီးမှု အသေးစိတ်ကိုမူ မသိရသေးပေ။

မတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းက ဝါဒိုစိုး အခြေစိုက် စစ်ကောင်စီတပ် စခန်းကို KNU တပ်မဟာ (၅) လက်အောက်ခံ တပ်ဖွဲ့ဝင်များက စီးနင်း တိုက်ခိုက်ရာ စစ်သားတစ်ဦး သေဆုံးကြောင်း မူတြော် သတင်းစဉ်က ထုတ်ပြန်ထားသည်။

စစ်ကောင်စီဘက်ကမူ အဆိုပါ တိုက်ပွဲ ဖြစ်စဉ်များနှင့် ပတ်သက်၍ သတင်းထုတ်ပြန် ပြောဆိုခြင်း မရှိသေးပေ။

စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်သည့် တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့ KNU ထိန်းချုပ် နယ်မြေတွင် နယ်မြေခံ KNLA တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်တို့ လစဉ် တိုက်ပွဲ ရာနှင့်ချီ ဖြစ်ပွားနေပြီး စစ်ကောင်စီ ဘက်က လေကြောင်းမှ ပစ်ခတ်မှုများလည်း ရှိနေသည်။

Photo- KNLA စစ်သားများကို တွေ့ရစဉ်

#Mizzima

#ဖာပွန်

#KNU

#BGF

#မူတြော်သတင်းစဉ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required