မြောက်ဒဂုံမြို့နယ်တွင် ဗုံးခွဲခံရသည့် Mytel တာဝါတိုင်ကို စစ်ဆေးရန်လာသည့် စစ်ကောင်စီတပ်သားများ ဗုံးပစ်တိုက်ခိုက်ခံရ

မြောက်ဒဂုံမြို့နယ်တွင် ဗုံးခွဲခံရသည့် Mytel တာဝါတိုင်ကို စစ်ဆေးရန်လာသည့် စစ်ကောင်စီတပ်သားများ ဗုံးပစ်တိုက်ခိုက်ခံရ

ဧပြီ ၁

ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်တွင် ဗုံးခွဲခံရသည့် Mytel တာဝါတိုင်ကို စစ်ဆေးရန်ရောက်ရှိလာသည့် စစ်ကောင်စီတပ်သားများ ဗုံးပစ်တိုက်ခိုက်ခံရပြီး လေးဦးထိခိုက်မှုရှိကြောင်း Spring Brothers Force အဖွဲ့မှ ယမန်နေ့ မတ်လ ၃၁ရက်ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

မြောက်ဒဂုံမြို့နယ် ၄၆ ရပ်ကွက် ဗထူးစျေးနှင့်လွိုင်ကော်လမ်းအနီး ရှိ Mytel တာဝါတိုင်ကို Spring Brothers Force အဖွဲ့မှ ယမန်နေ့ ည ၇နာရီ ၁၀ မိနစ် အချိန်ခန့်တွင် လက်ပစ်ဗုံးဖြင့်တိုက်ခိုက်ခဲ့ပြီးနောက် ၁၀ မိနစ်ခန့်အကြာတွင်အဆိုပါနေရာသို့ စစ်ဆေးရန် ရောက်ရှိလာသည့် စစ်ကောင်စီတပ်သားများကို ထပ်မံ ဗုံးပစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

"တာဝါတိုင်တော့ အရမ်းကြီးမပျက်စီးသွားဘူး။ တာဝါတိုင်ကို လုပ်ပြီးမှ ၁၀မိနစ်လောက်ကြာမှ စကစ(စစ်ကောင်စီတပ်ဖွဲ့)တွေရောက်လာတာ၊ လေးယောက်ကို ကားနဲ့လာချသွားတာ။ တာဝါတိုင်နားရောက်လာမှ လက်ပစ်ဗုံးနဲ့ ထပ်ပစ်လိုက်တာ" ဟု Spring Brothers Force အဖွဲ့ဝင်တစ်ဦးက ပြောသည်။

တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အဆိုပါနေရာအနီးအနားတွင် စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ဒဏ်ရာရသူများက ကားဖြင့်ပြန်လည်သယ်ဆောင်သွားသည်ဟု သိရသည်။

အကြမ်းဖက်စစ်အာဏာရှင်များ၏ ဒေါက်တိုင်များအား အရှိန်မြင့်ဆန့်ကျင်တားဆီးနိုင်ရန်အတွက် ပြည်သူများအနေဖြင့်သွေးမအေးဘဲ မြို့ပြ UG များကို ဝိုင်းဝန်းကူညီပေးပါရန် Spring Brothers Force မှ နှိုးဆော်ထားသည်။

ဓာတ်ပုံ - စစ်ကောင်စီတပ်သားများကို ပစ်ခတ်ခဲ့သည့် လက်ပစ်ဗုံး

#Mizzima

#ရန်ကုန်တိုင်း

#မြောက်ဒဂုံမြို့နယ်

#Mytelတာဝါတိုင်

#ဗုံးပေါက်ကွဲ

#SpringBrothersForce

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required