လာမည့် အောက်တိုဘာတွင် ထိုင်းနိုင်ငံ၌ ပြုလုပ်မည်ဖြစ်သော ၂၀၁၅ အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက်နိုင်သော အသင်းလေးသင်းမှာ ဥဇဘက်ကစ္စတန်တွင် ပြုလုပ်မည့် ၂၀၁၆ အာရှဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲသို့ ဝင်ရောက်ကစားခွင့်ရမည်ဖြစ်သည်။
အစောပိုင်းက အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဗိုလ်စွဲသည့်အသင်းနှင့် ဒုတိယအသင်းများသာ အာရှဖူဆယ်ချန်ပီယံ ရှစ်ပြိုင်ပွဲသို့ ဝင်ရောက်ကစားခွင့်ရသော်လည်း လာမည့်နှစ်တွင် အာဆီယံဒေသတွင်းမှ ဖူဆယ်ကလပ်အသင်း လေးသင်းထိ အာရှဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲသို့ ဝင်ရောက်ကစားနိုင်မည်ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၄ အာရှဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် ထိုင်းအသင်းနှင့် သြစတြေးလျအသင်းတို့မှာ အဆင့် ၅၊ ၆ နေရာများရရှိခဲ့သောကြောင့် အဆိုပါအသင်းနှစ်သင်းမှာ ၂၀၁၆ အာရှဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲသို့ အလိုအလျှောက် ဝင်ခွင့်ရရှိသွားကြသည်။
ထို့ကြောင့် လာမည့် ၂၀၁၅ အာဆီယံဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲတွင် အဆင့် ၁ မှ အဆင့် ၄ အတွင်း ဝင်သော အသင်းများမှာ ၂၀၁၆ အာရှဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲသို့ ဝင်ခွင့်ရမည်ဖြစ်သည်။
အောက်တိုဘာ ၈ ရက်မှ ၁၈ ရက်ထိ ထိုင်းနိုင်ငံတွင် ကျင်းပမည့် ၂၀၁၅ အာဆီယံဖူဆယ်ချန်ပီယံ ရှစ်ပြိုင်ပွဲ အုပ်စု(က)တွင် အိမ်ရှင်ထိုင်း၊ တီမော။ ဘရူနိုင်း၊ မလေးရှား၊ စင်ကာပူအသင်း တို့ ပါဝင်ပြီး အုပ်စု(ခ)တွင် သြစတြေးလျ၊ ဗီယက်နမ်၊ မြန်မာ၊ လာအို၊ ဖိလစ်ပိုင်အသင်းတို့ ပါဝင်နေသည်။ အစောပိုင်းက ပြိုင်ပွဲတွင် အင်ဒိုနီးရှားအသင်းပါဝင်သော် လည်း ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)၏ ပြစ်ဒဏ်ချမှတ်ခံထားရသောကြောင့် အင်ဒိုနီးရှားအသင်း မပါဝင်တော့ဘဲ အသင်း ၁၀ သင်းသာ ဆက်လက်ကစားရမည်ဖြစ်သည်။
အုပ်စု(ခ)တွင် သြစတြေးလျ၊ ဗီယက်နမ်အသင်းတို့နှင့် တစ်အုပ်စုထဲ ကျရောက် နေသော မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်ဘောလုံးအသင်းသည် ပြီးခဲ့သည့် ၂၀၁၄ အာဆီယံဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲ တွင် အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည်။