ကိယက်ဗ်မြို့တော်ဝန်းကျင်က စစ်ရေးလှုပ်ရှားမှုများကို ‘ကြီးကြီးမားမား’ လျှော့ချမည်ဟု ရုရှ ပြော 

ကိယက်ဗ်မြို့တော်ဝန်းကျင်က စစ်ရေးလှုပ်ရှားမှုများကို ‘ကြီးကြီးမားမား’ လျှော့ချမည်ဟု ရုရှ ပြော 
Photo - AFP

မတ် ၃၀

အစ္စတန်ဘူလ်တွင် “အဓိပ္ပာယ်ပြည့်ဝသော” ဆွေးနွေးပွဲပြီးနောက် မြို့တော် ကိယက်ဗ်အနီးဝန်းကျင် အပါအဝင် ယူကရိန်းမြောက်ပိုင်းက စစ်ရေးလှုပ်ရှားမှုများကို ရုရှနိုင်ငံအနေဖြင့် “ကြီးကြီးမားမား” လျှော့ချမည်ဖြစ်ကြောင်း ရုရှစေ့စပ်ညှိနှိုင်းသူများက အင်္ဂါနေ့တွင် ပြောသည်။ 

“ယူကရိန်းနိုင်ငံရဲ့ ကြားနေရေးနဲ့ နျူကလီးယားကင်းစင်ရေးနဲ့ ပတ်သက်တဲ့ သဘောတူညီချက်တစ်ရပ်ကို ပြင်ဆင်စိုင်းပြင်းတဲ့ ဆွေးနွေးပွဲတွေဟာ လက်တွေ့ကျလာခဲ့ပါပြီ၊ ကိယက်ဗ်နဲ့ ချာနီဂစ်ဗ် ဧရိယာတွေမှာ စစ်ရေးလှုပ်ရှားမှုတွေကို ကြီးကြီးမားမား လျှော့ချမယ်လို့ ဆုံးဖြတ်ချက် ထွက်ပေါ်ခဲ့ပါတယ်”ဟု ရုရှ ဒုတိယကာကွယ်ရေးဝန်ကြီး အလက်ဇန္ဒြား ဖိုမင်းက ပြောသည်။ 

ဆွေးနွေးပွဲတွင် “အဓိပ္ပာယ် ပြည့်ဝသော ဆုံးဖြတ်ချက်” ကို ချမှတ်နိုင်ခဲ့ကြောင်းနှင့် ယူကရိန်းဘက်က အဆိုပြုချက်များအား ရုရှသမ္မတ ဗလာဒီမာ ပူတင်ဆီ တင်ပြမည်ဖြစ်ကြောင်း စေ့စပ်ညှိနှိုင်းရေးခေါင်းဆောင် ဗလာဒီမာ မီဒင်စကီးက ပြောသည်။ 

ပူတင်အနေဖြင့်လည်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးနှင့် တွေ့ဆုံဖြစ်လိမ့်မည်ဟု ၎င်းက ဆိုသည်။ 

“ဒီကနေ့ အဓိပ္ပာယ်ပြည့်ဝတဲ့ ဆွေးနွေးပွဲအပြီးမှာ ကျွန်တော်တို့ သဘောတူညီချက်ရသလို ဖြေရှင်းမှုတစ်ခုကို အဆိုပြုနိုင်ခဲ့ပါတယ်၊ သဘောတူညီချက်ကို နိုင်ငံခြားရေးဝန်ကြီးတွေ လက်မှတ်ထိုးတာနဲ့ တစ်ပြိုင်နက် နိုင်ငံခေါင်းဆောင်တွေရဲ့ တွေ့ဆုံစည်းဝေးမှုလည်း ဖြစ်လာနိုင်ပါတယ်”ဟု မီဒင်စကီးက ဖြည့်စွက်ပြောသည်။ 

“သဘောတူညီချက်ကို လျင်လျင်မြန်မြန် အကောင်အထည်ဖော်တဲ့ အခြေအနေနဲ့ လိုအပ်တဲ့ ညှိနှိုင်းမှုတွေကို ရှာဖွေပြီး ငြိမ်းချမ်းရေးဟာ ပိုပြီးနီးကပ်စွာ ဖြစ်လာနိုင်ခြေ ရှိပါတယ်”ဟု ၎င်းက ပြောသည်။ 

ယူကရိန်းနိုင်ငံဘက်က တင်ပြလာသည့် အဆိုပြုချက်များလည်း ရှိထားပြီး ယင်းတွင် နျူကလီးယား ကင်းစင်ရေး အခြေအနေကြား “နိုင်ငံတကာ လုံခြုံရေးအာမခံချက်အောက်တွင် အမြဲတမ်း ကြားနေနိုင်ငံဖြစ်ရေး” တောင်းဆိုထားသည်ဟုလည်း မီဒင်စကီးက ဆိုသည်။ 

ယူကရိန်း၏ အဆိုပါပြုချက်အရ လုံခြုံရေး အာမခံချက် ပေးရာတွင် ရုရှက ကျူးကျော်ထားသော ခရိုင်းမီးယားနှင့် လူဟန့်နှင့် ဒွန်နက် ခွဲထွက်ဒေသများ မပါဝင်ကြောင်း၊ ယင်းကြောင့် အဆိုပါ ဒေသများအား စစ်မက်ရေးရာဖြင့် ပြန်လည်ရရှိရေးကို ယူကရိန်းအနေဖြင့် ကြိုးစားရတော့မည်မဟုတ်ဟု အဓိပ္ပာယ် ရကြောင်း ၎င်းက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly