အိန္ဒိယ နယူးဒေလီမြို့ UNHCR ရုံး ရှေ့၌  မြန်မာဒုက္ခသည်များ ဆန္ဒပြ

အိန္ဒိယ နယူးဒေလီမြို့ UNHCR ရုံး ရှေ့၌  မြန်မာဒုက္ခသည်များ ဆန္ဒပြ
Photo : CJ

မတ်လ ၂၈ ရက်

အိန္ဒိယနိုင်ငံ  နယူးဒေလီမြို့ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရှေ့၌ မြန်မာနိုင်ငံသား ဒုက္ခသည်များက ဒုက္ခသည် အခွင့်အရေးများ ရရှိနိုင်ရေး ယနေ့ မတ်လ ၂၈ ရက် တွင် အသံတိတ် ဆန္ဒ ထုတ်ဖော်ကြသည်။

အဝတ်အစား အနက်ရောင်များ ဆင်တူ ဝတ်ဆင်ထားသော မြန်မာ ဒုက္ခသည် ဦးရေ ၂၀၀ ခန့်က  နံနက် ၁၁ နာရီမှ နေ့လယ်  ၂ နာရီခန့် အထိ ဆန္ဒပြ ထုတ်ဖော်ခဲ့ ကြခြင်း ဖြစ်သည်။

“ကျွန်မတို့ ဒီမှာ ဒုက္ခသည်နဲ့ ပတ်သက်တဲ့ အခွင့်အရေးတွေ မရရှိပါဘူး။ အသစ်ရောက် လာတဲ့ သူတွေဆို ခြောက်လကနေ တစ်နှစ်အတွင်း ဒုက္ခသည် အသိအမှတ်ပြု လက်မှတ် ထုတ်ပေးရမယ် ဆိုတဲ့ မူရှိပြီး ဒါကို လက်တွေမှာ မကျင့်သုံးဘဲ နှောင့်နှေး ကြန့်ကြာတာတွေ ရှိပါတယ်။  နှစ်ပေါင်းများစွာ နေတဲ့သူတွေကို တတိယနိုင်ငံ အခြေချခွင့် တွေလည်း ခွင့်ပြုပေးတာတွေ မရှိပါဘူး ” ဟု  Myanmar Refugee Demand Committee မှ မစင်သီယာနွယ်နီ က မဇ္စျိမ ကို ပြောသည်။

မြန်မာ ဒုက္ခသည်များသည် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR )မှ တာဝန်ရှိသူများနှင့် တွေဆုံညှိနှိုင်းရန် တောင်းဆို ခဲ့ကြသည်။

မြန်မာဒုက္ခသည်များသည် စစ်အစိုးရ၏ ဖိနှိပ် သတ်ဖြတ်မှုများကြောင့် အသက်ဘေးမှ လုံခြုံရေးနှင့် အသက်ရှင်နိုင်ရန် အိန္ဒိယနိုင်ငံ UNHCR သို့ ခိုလှုံခွင့်လျှောက်ထား ခဲ့ကြခြင်း ဖြစ်သည်။

ယခု အချိန်တွင် မြန်မာနိုင်ငံသားများသည် ယာယီကတ်များဖြင့် နှစ်ရှည် နေထိုင်လျက် ရှိပြီး  ပတ်ဝန်းကျင်မှ ခွဲခြား ဆက်ဆံခြင်း ၊ လိင်ပိုင်းဆိုင်ရာ အစော်ကားခံရခြင်း ၊ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်း ၊ စားဝတ်နေရေး ၊ ကျန်းမာရေး ၊ ပညာရေးများတွင် အခက်များစွာနှင့် ကြုံတွေ့ နေရလျက်ရှိသည့် အကြောင်းကို ထင်ဟပ်ပေါ်လွင် စေသည့် သရုပ်ဖော်မှုများ တင်ပြ ခဲ့ကြသည်။

UNHCR ရုံး တာဝန်ရှိသူများနှင့် ညှိနှိုင်း ခဲ့ကြပြီး မတ်လ ၃၀ ရက်နေ့တွင် ဒုက္ခသည်များ တင်ပြသော အချက်များအား ဆက်လက် ဆွေးနွေးကြမည် ဖြစ်ကြောင်း သဘောတူညီမှု ရခဲ့ကြသည်။

အိန္ဒိယနိုင်ငံတွင် ရှစ်လေးလုံး အရေးတော်ပုံ အပြီး မြန်မာကျောင်းသားများ တိမ်းရှောင်  လာရာမှ ၁၉၉၀ ခုနှစ်ခန့်မှ စ၍ မြန်မာ ဒုက္ခသည်အဖြစ် အသိအမှတ် ပြုခဲ့ကာ အခြေချ နေထိုင်လာခြင်းများ ရှိလာပြီး အချို့မှာ တတိယနိုင်ငံများတွင် အခြေချလျက် ရှိသည်။

အိန္ဒိယ နိုင်ငံသည် ဒုက္ခသည်များ ဆိုင်ရာ ကွန်ဗင်းရှင်း ( ၁၉၅၁ ခုနှစ် ) သဘောတူညီချက် နှင့် နောက်ဆက်တွဲ ပရိုတိုကော (၁၉၆၇ ခုနှစ်) များကို လက်မှတ်ရေးထိုးထားခြင်း မရှိသည့် နိုင်ငံ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required