ဂန့်ဂေါမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဦးသေဆုံး၊ PDFတပ်ဖွဲ့ဝင် ၈ဦးသေဆုံး၊ ရွာခံ ၂ဦး နှိပ်စက်အသတ်ခံရ 

ဂန့်ဂေါမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဦးသေဆုံး၊ PDFတပ်ဖွဲ့ဝင် ၈ဦးသေဆုံး၊ ရွာခံ ၂ဦး နှိပ်စက်အသတ်ခံရ 

မတ်လ ၂၈ ရက်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင်  မတ် ၁၆ ရက်ကနေ ၂၄ အထိ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ရှစ်ဦး သေဆုံးသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ဂန့်ဂေါတပ်ရင်း (ယောဒေသ)က သတင်းထုတ်ပြန်သည်။

မတ် ၁၆ရက်တွင် ပျူစောထီးကြီးစိုးနေသော  ရွာအနီး မိုင်းစစ်ဆင်ရေး လုပ်နေစဉ် PDF- GANGAW BETTALION တပ်ခွဲ (၁) မှ ဒုတပ်စိပ် မှူးတစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။ 

မတ် ၁၇ရက် က PDF- GANGAW BETTALION မှ တောင်ခင်ရန်း ရဲစခန်းကို လက်လုပ် ၆၀ မမ ဖြင့် ၂၈ချက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၆၀ မမ ဖြင့် လေးချက်ပစ်ခတ်သော်လည်း PDF ဘက်ကအထိခိုက်မရှိ ဆုတ်ခွာနိုင်ကြောင်း ဖော်ပြထားသည်။

မတ်လ ၁၈ ရက်နေ့ကလည်း ပျူစောထီးများ ကြီးစိုးအထိုင်ချနေသည့်  မြောက်ခင်ရန်းကျေးရွာတိုက်ပွဲတွင် လက်နက်ကြီးကျည်ထိမှန်မှုကြောင့် ပြည်သူ့ကာကွယ်ရေးဘက်မှ ရဲဘော်တစ်ဦး ကျဆုံးပြီး တစ်ဦးဒဏ်ရာရရှိသည်။

တိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်များက မြောက်ခင်းရွာသားတစ်ဦးကို ရေနွေးပူဖြင့်လောင်း၊ လည်ပင်းကို ကြိုးကွင်းစွပ်ပြီး ကားနောက်တွင်ဆွဲ၍  ရွာအတွင်း လှည့်ပတ်မောင်းနှင်ကာ ရက်စက်စွာ သတ်ဖြတ်ခဲ့သည်။ မြောက်ခင်ရန်းကျေးရွာ တိုက်ပွဲအတွင်း ပိတ်မိနေသည့် အတင်းအကျပ် ဖိနှိပ်ခံထားရသော ရွာသူ၊ ရွာသား ၃၀၀ ကျော်ကို ကာကွယ်ရေးတပ်ဖွဲ့ဘက်က ကယ်ထုတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

တောင်ခင်ရန်းရဲစခန်းက ထွက်လာသည့် စစ်ကောင်စီတပ်နဲ့ ပျူစောထီး အင်အား ၁၂၀ ခန့်ကို  PDF- GANGAW BETTALIONမှ မတ်လ ၂၀ နှင့် ၂၁ ရက်နေ့တွင် ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

မတ် ၂၁ရက် တိုက်ပွဲတွင် PDF- GANGAW BETTALIONမှ Drone ဖြင့် ဗုံးသီးချ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦး လက်တစ်ဖက်ပြင်းထန်ဒဏ်ရာ ရရှိပြီး PDF ၏ လက်လုပ် ၆၀ မမ ကျည်ထိမှန်မှုကြောင့် စစ်ကောင်စီဘက်က ငါးဦးပွဲချင်းပြီးသေဆုံးခဲ့ကြောင်းသိရသည်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က စစ်ရှောင်တဲများ ၊ Faw ကား၊မြေကော်ကား ၊သုံးဘီးဆိုင်ကယ် စသည်တို့ကို မီးရှို့ဖျက်ဆီး သည်ဟု ဖော်ပြထားသည်။

မတ်လ ၂၂ရက် တိုက်ပွဲတွင် တောင်ခင်ရန်းရဲစခန်းမှ လက်နက်ကြီးကျည်နှင့် စနိုက်ပါလက်ချက်ကြောင့် PDF- GANGAW BETTALIONဘက်မှ ရဲဘော် ခြောက်ဦးကျဆုံးခဲ့ရသည်။

မတ် ၂၂ ရက်နှင့် ၂၃ရက် နေ့တွင် အင်အား ၂၀၀ ခန့်ပါ စစ်ကောင်စီတပ်သည် နှမ်းခါး၊ ချောင်းကောက်၊ ရဲလှ၊ သာစည်ရွာများကို စစ်ကြောင်းထိုးလာခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ခေတ္တတိုက်ပွဲဖြစ်ပွားခဲ့ပြီး ယင်းရွာများမှ လူနေအိမ် ၄၁လုံး၊ Light Truck ကားတစ်စီးနှင့် ယာစောင့်တဲ နှစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဖော်ပြထားသည်။

မတ်လ ၂၄ ရက်က မွှေ့လယ်ရွာနှင့် မိုးစိုရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် PDF များအကြား မြစ်သာမြစ်အရှေ့ဘက်ခြမ်းတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ လက်နက်အင်အားမမျှတမှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်များ နောက်ဆုတ်ပေးခဲ့ပါသည်။

တိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်ဖွဲ့က မွှေ့လယ်ရွာနှင့် မိုးစိုရွာ မှ လူနေအိမ် ၉၆ လုံးမီးရှို့ ဖျက်ဆီးခဲ့ပြီး မွှေ့လယ်ရွာသားတစ်ဦး ကို လူမဆန်စွာ နှိပ်စက်ပြီး မျက်လုံးတစ်ဖက်ကို ဖောက်ထုတ်ကာ ဓားဖြင့်ထိုးသတ်ထားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required