စစ်ကောင်စီက ရှမ်းပြည်နယ်အတွင်း သယံဇာတ တူးဖော်ရန် လုပ်ကွက် ၃၀၀ ကျော်ချပေး

စစ်ကောင်စီက ရှမ်းပြည်နယ်အတွင်း သယံဇာတ တူးဖော်ရန် လုပ်ကွက် ၃၀၀ ကျော်ချပေး

မတ် ၂၈

အာဏာသိမ်းပြီး နောက်ပိုင်း စစ်ကောင်စီက ရှမ်းပြည်နယ်အတွင်း သယံဇာတ တူးဖော်ရန် လုပ်ကွက်ပေါင်း ၃၀၀ ကျော် ခွင့်ပြု ချထားပေးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဝန်ထမ်း တစ်ဦးထံမှ ရရှိသော အချက်အလက်များ အရ ၂၀၂၁ နိုဝင်ဘာလကုန်တွင် လုပ်ကွက်များ အတည်ပြု ချထားပေးခဲ့ခြင်း ဖြစ်သည်။

ရှမ်းပြည်နယ် အတွင်း သယံဇာတ တူးဖော်မှုများကြောင့် စစ်အာဏာ မသိမ်းမီ ကပင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကြုံတွေ့နေရကာ အာဏာသိမ်း ပြီးနောက် လုပ်ကွက်သစ်များ တိုးမြှင့် ချထားပေး သဖြင့် လူ့အခွင့်အရေး အခြေအနေများ ပိုမို ဆိုးရွားလာမည်ကို ဒေသခံများ စိုးရိမ်နေကြသည်။

"အရင်ကတည်းက ကျွန်တော်တို့ ဒေသခံတွေက ဒီသယံဇာတ တူးဖော်မှုတွေနဲ့ ပတ်သက်ပြီး ပြဿနာတွေ ကြုံနေရတာ။ ပြီးတော့ သူတို့တူးမဲ့ နေရာတွေက တိုက်ပွဲ မကြာခဏ ဖြစ်နေတဲ့ နေရာတွေ၊ ဥပမာ အခု ရပ်စောက်မှာ ငွေရည်ပုလဲကုမ္ပဏီက ကျောက်မီးသွေးတူးမဲ့ နေရာဆို RCSS၊ တပ်ပေါင်းစုနဲ့ စစ်တပ်တို့ သုံးပွင့်ဆိုင် တိုက်ပွဲ ဖြစ်ဖူးတဲ့ နေရာမျိုး တော်တော် စိုးရိမ်တယ်ဗျ " ဟု ရှမ်းမြောက်ပိုင်းနေ တက်ကြွ လှုပ်ရှားသူ ဒေသခံ တစ်ဦးက ပြောသည်။

စစ်ကောင်စီသည် မြန်မာနိုင်ငံ တစ်ဝန်း သယံဇာတ တူးဖော်ရန် လုပ်ကွက်ပေါင်း ၁၁၆၉ ခု ချပေးခဲ့ရာ ရှမ်းပြည်နယ်သည် လုပ်ကွက် ၃၀၃ ခုဖြင့် မြန်မာတစ်နိုင်ငံလုံးတွင် မန္တလေးတိုင်း ပြီးလျှင် အများဆုံး ဖြစ်သည်။

ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသ အချို့တွင် တူးဖော်မည့် သယံဇာတ လုပ်ကွက်များသည် မြောက်ပိုင်း မဟာမိတ်နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) တို့ အပြင်းအထန် တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် နေရာများ ဖြစ်ပြီး ရှမ်းပြည်နယ်တစ်ဝန်းတွင် ကျောက်မီးသွေး တူးဖော်မှု အများဆုံး ဖြစ်သည်။

Photo- ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ်ရှိ နမ္မ ကျောက်မီးသွေးတွင်း။

#Mizzima

#ရှမ်းပြည်နယ်

#သယံဇာတ

#RCSS/SSA

#လုပ်ကွက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly