အိန္ဒိယနိုင်ငံ မြန်မာသံရုံးတွင် တပ်မတော်နေ့ အခမ်းအနား တက်သူများကို ရှုတ်ချကြောင်း နယူးဒေလီရောက် မြန်မာနိုင်ငံသားများဆန္ဒထုတ်ဖော်

အိန္ဒိယနိုင်ငံ မြန်မာသံရုံးတွင် တပ်မတော်နေ့ အခမ်းအနား တက်သူများကို ရှုတ်ချကြောင်း နယူးဒေလီရောက် မြန်မာနိုင်ငံသားများဆန္ဒထုတ်ဖော်

မတ်လ ၂၈ ရက်

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၊ မြန်မာသံရုံးတွင်  ၇၇ ကြိမ်မြောက် တပ်မတော်နေ့အခမ်းအနားကို ယမန်နေ့ မတ်လ ၂၇ ရက်နေ့တွင် နိုင်ငံတကာအသီးသီးက သံရုံးတာဝန်ရှိသူများကိုဖိတ်ကြားပြီး တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် ညစာစားပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ မြန်မာသံရုံး၌ တပ်မတော်နေ့ အခမ်းအနားပြုလုပ်ရာတွင် တက်ရောက်ကြသည့် နိုင်ငံအချို့မှ သံအမတ်များကို ရှုတ်ချကြောင်း CRPH/NUG Support Group India မှ ဦးဆောင်ပြီး နယူးဒေလီရောက် မြန်မာနိုင်ငံသားများက ယမန်နေ့ည ၇ နာရီခန့်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

''၇၇ ကြိမ်မြောက် ကျရောက်တဲ့ မြန်မာနိုင်ငံရဲ့ တော်လှန်ရေးနေ့ ဖြစ်ပါတယ်။ ဒီလိုနေ့မျိုးမှာ မင်းအောင်လှိုင်နဲ့  ကြံရာပါ အပေါင်းအပါ လူသတ်သမားတွေ၊ ဖက်ဆစ်စစ်တပ်ကို ထောက်ခံကြသူအားလုံးကို ရှုတ်ချကြောင်း ကျွန်တော်တို့နယူးဒေလီရောက် ဒီမိုကရေစီလိုလားတဲ့အင်အားစုတွေက သံရုံးရှေ့မှာ ဆန္ဒထုတ်ဖော်ကြတာပါ။''ဟု ဆန္ဒထုတ်ဖော်လှုပ်ရှားမှုတွင် ပါဝင်သူတစ်ဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါဆန္ဒထုတ်ဖော်လှုပ်ရှားမှုကြောင့်  ဆန္ဒပြသူ အမျိုးသားနှစ်ဦးမှာ ရဲများ၏ ခဏတာဖမ်းဆီးထိန်းသိမ်းခြင်းခံရသော်လည်း ညတွင်းချင်း ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required