ပုလဲမြို့နယ် လက်ပုကန်ရွာသား စစ်ကောင်စီတပ် လက်နက်ကြီးကျည် ထိ၍ သေဆုံး

ပုလဲမြို့နယ် လက်ပုကန်ရွာသား စစ်ကောင်စီတပ် လက်နက်ကြီးကျည် ထိ၍ သေဆုံး

မတ် ၂၈

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် အနောက်ဘက် ငါးမိုင်ခန့် အကွာရှိ လက်ပုကန် ကျေးရွာ၌  စစ်ကောင်စီတပ် ပစ်သည့် လက်နက်ကြီးကျည် ထိမှန်၍ ပြည်သူတစ်ဦး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

ယနေ့ မတ်လ ၂၈ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် လက်ပုကန် ကျေးရွာ အနီးရှိ ကြောင်သန်းရွာ၌ အင်အား ၁၀၀ ခန့်ဖြင့် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ပစ်ခတ် ခဲ့ခြင်းကြောင့် အသက် ၄၀ ကျော် အရွယ် ဦးဝင်းဌေး သေဆုံးခြင်း ဖြစ်သည်။ 

“ဒီဖြစ်စဉ်ကို စစ်ရှောင်ဖို့ ပြေးလာတဲ့ ကောင်မလေး တစ်ယောက်က ပြောပြတာကတော့ သွေးတွေကို ရဲနေတာပဲတဲ့။ ပေါင်မှာတစ်ချက် ဖောက်သွားတယ်။ ညာဘက် လက်ကောက်ဝတ် မှာလည်း အရိုး ပေါ်သွားတယ်။ ဆီးခုံနေရာလည်း ပွင့်သွားတယ်။ ဘယ်လောက်မှ မကြာလိုက်ဘူး။ ဗုံးသံ ကြားရတာနဲ့ ထိသွားတယ် ဆိုတာ ကြားရတာ။ ဒါကြားပြီး ၄၅ မိနစ်လောက်မှာ သေသွားပြီဆိုတာ ထပ်ကြားရတာ” ဟု ဦးဝင်းဌေး ဒဏ်ရာရပုံနှင့် သေဆုံးပုံအား လက်ပုကန် ရွာသား တစ်ဦးက မဇ္ဈိမကို ပြောသည်။ 

အိမ်ထောင်သည် ဖြစ်သူ ဦးဝင်းဌေး၏ ရုပ်အလောင်းအား အနီးဝန်းကျင်ရှိ ရွာသားလူငယ်များက ကျေးရွာ သုသာန်တွင် ချက်ချင်း သင်္ဂြိုဟ်လိုက်ကြောင်း သိရသည်။ 

လက်ပုကန်ရွာအား ပစ်ခတ်ခဲ့သည့် စစ်ကောင်စီတပ် စစ်ကြောင်းသည် ယင်းမာပင်နယ်၊ တမာပင်ဂွ ကျေးရွာဘက်မှ ပုလယ်နယ် ထဲရှိ နှောကန်၊ အိုးဘိုနှင့် ကြောင်သန်း ရွာများသို့ ဝင်ရောက်လာခြင်း ဖြစ်သည်။ 

"လက်နက်ကြီး ကိုင်နိုင်တာဆိုလို့ ဒီဘက်မှာ သူတို့ (စစ်ကောင်စီတပ်သားများ) ပဲ ရှိတယ်။ ဟိုရမ်းပစ် ဒီရမ်းပစ် တာမျိုးပဲလို့ ထင်တယ်။ တိုက်ပွဲတော့ မရှိသေးဘူးဗျ" ဟု လက်ပုကန် ရွာသား တစ်ဦးက ပြောသည်။ 

ယခု သေဆုံးမှုသည် လက်ပုကန် ရွာအတွင်း စစ်ကောင်စီ တပ်ကြောင့် ပထမဆုံး အသက် ဆုံးရှုံးရခြင်း ဖြစ်ပြီး လက်ရှိတွင် အိမ်ခြေ ၅၀၀ ခန့် ရှိသည့် ရွာသားများ အားလုံးနီးပါး ဘေးလွတ်ရာ ဒေသသို့ ထွက်ပြေး တိမ်းရှောင် နေကြသည်။ 

"ခု ဖုန်းပြောနေတဲ့ အချိန်မှာလည်း သူတို့က(စစ်ကောင်စီတပ်သားများ) ကျွန်တော်တို့ ရွာရဲ့  နှစ်မိုင် ဝန်းကျင်လောက် အကွာမှာ ရှိနေသေးတယ်ဆို တော့ ရွာထဲကိုတော့ ပြန်မဝင်ရဲကြသေးဘူးဗျ” ဟု လက်ပုကန် ရွာသားက ပြောသည်။ 

စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ် နေရာအနှံ့အား စစ်ကောင်စီက အင်တာနက် ဖြတ်တောက်ကာ စစ်ကြောင်း ထိုးနေပြီး နယ်မြေ ရှင်းလင်းရေး လုပ်လျက် ရှိသည်။

#Mizzima
#လက်ပုကန်ရွာ
#ပုလဲ
#လက်နက်ကြီးကျည်
#ကြောင်သန်းရွာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly