ကက်ရှ်မီးယားအရှေ့ပိုင်းတွင် တရုတ်တို့က တရားမဝင်ကျူးကျော်ထားကြောင်း ကုလလူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွင် တိုင်ကြားခံရ

ကက်ရှ်မီးယားအရှေ့ပိုင်းတွင် တရုတ်တို့က တရားမဝင်ကျူးကျော်ထားကြောင်း ကုလလူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွင် တိုင်ကြားခံရ

တရုတ်နှင့် အိန္ဒိယတို့ အငြင်းပွားနယ်မြေတစ်ခုဖြစ်သည့် ကက်ရှ်မီးယားဒေသမှ အေကဆိုင်ချင်နယ်မြေတွင် တရုတ်က တရားမဝင် ကျူးကျော်ထားကြောင်း ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့၌ မတ် ၂၃ ရက်က ပြုလုပ်သည့် ၄၉ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းအဝေးသို့ ကက်ရှ်မီးယားဒေသမှ ပညာရှင်နှင့် လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးဖြစ်သူ ဂျန်အစ်ကူရီရှိက တိုင်ကြားလိုက်သည်။

ဆရီနဂါမြို့မှ ကက်ရှ်မီးယားလူမျိုးတစ်ဦးဖြစ်ပြီး ဘရပ်ဆဲလ်အခြေစိုက် တောင်အာရှလေ့လာမှုဆိုင်ရာ ဥရောပ ဖောင်ဒေးရှင်း (EFSAS) ၏ ညွှန်ကြားရေးမှူးတစ်ဦးလည်း ဖြစ်သူ ဂျန်အစ်ကူရီရှိက အွန်လိုင်းမှ ပါဝင်တက်ရောက်သည့် ယင်းအစည်းအဝေးတွင် တရုတ်အစိုးရက ဂျမူးနှင့်ကက်ရှ်မီးယားဒေသတွင် နေရာ အများအပြားကို တရားမဝင်သိမ်းယူထားခြင်းအား ကုလသမဂ္ဂက သိထားရန် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

“အေကဆိုင်ချင်က ဂျမူးနဲ့ ကက်ရှ်မီးယားနယ်မြေရဲ့ ၂၀ ရာခိုင်နှုန်းကျော်ရှိပြီး ဘူတန်နိုင်ငံ နီးပါးလောက် ကျယ်ဝန်းပါတယ်။ ဂျမူးနှင့် ကက်ရှ်မီးယားရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂနှင့် UNHRC ကဲ့သို့ အဖွဲ့အစည်းများအနေနဲ့ တရုတ်က နယ်မြေအများအပြားကို တရားမဝင်သိမ်းပိုက်မှုအပေါ် လုံးဝ မမြင်သလို ဖြစ်နေပါတယ်” ဟု ဂျန်အစ်က ပြောကြားသည်။

“ရှုပ်ထွေးတဲ့ ပြဿနာတွေအတွက် အဖြေရှာဖို့ မဖြစ်မနေ အရေးကြီးတာကြောင့် တရုတ်က ဂျမူးနှင့် ကက်ရှ်မီးယားဒေသကို တရားမဝင်သိမ်းပိုက်ထားတဲ့ကိစ္စကို လူ့အခွင့်အရေးကောင်စီအနေနဲ့ လက်ခံဖြေရှင်းပေးဖို့ လိုအပ်ပါတယ်” ဟုလည်း ၎င်းက ကုလသမဂ္ဂသို့ ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ပြောဆိုခြင်းအပေါ် တရုတ်နို်ငငံ ကိုယ်စားလှယ်က ကန့်ကွက်သည့်အနေဖြင့် “ဒီ အင်န်ဂျီအိုရဲ့ ကိုယ်စားလှယ် ပြောကြားချက်ဟာ တရုတ်နိုင်ငံရဲ့ အချုပ်အခြာနယ်မြေပိုင်ဆိုင်မှုကို ထိခိုက်ပျက်စီးစေပြီး ကုလသမဂ္ဂပဋိညာဉ်စာချုပ်ကို ချိုးဖောက်တဲ့အတွက် ဒီအင်န်ဂျီအိုအဖွဲ့ကို ပြောဆိုခွင့်မပြုဖို့ တရုတ်နို်ငငံအနေနဲ့ တောင်းဆိုပါတယ်” ဟု ပြောဆိုလိုက်သည်။

စတုရန်းကီလိုမီတာ ၃၈၀၀၀ ခန့်ရှိသည့် အေကဆိုင်ချင်ဒေသကို ၁၉၅၀ ပြည့်လွန်နှစ်များအတွင်း တရုတ်က သိမ်းပိုက်ခဲ့ကာ ၁၉၆၂ ခုနှစ် အိန္ဒိယ-တရုတ်စစ်ပွဲအတွင်း စစ်တပ်ခြေကုပ်ယူသည့် နေရာအဖြစ် အသုံးချခဲ့သည်။ ယင်းဒေသသည် နှစ်နိုင်ငံအကြား အငြင်းပွားမှု ဖြစ်ပွားသည့် အကြောင်းအရာအဖြစ် ရှိနေဆဲ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly