အိန္ဒိယ၏ နိုင်ငံခြားရေးမူဝါဒကို ချီးမွမ်းခဲ့သည့် အီမရန် ခန်းကို ပါကစ္စတန်အတိုက်အခံတို့ ဝေဖန်

By The Print
28 March 2022
အိန္ဒိယ၏ နိုင်ငံခြားရေးမူဝါဒကို ချီးမွမ်းခဲ့သည့် အီမရန် ခန်းကို ပါကစ္စတန်အတိုက်အခံတို့ ဝေဖန်

အိန္ဒိယ၏ လွတ်လပ်သော နိုင်ငံခြားရေးမူဝါဒကို ချီးကျူးခဲ့သည့် ပါကစ္စတန်ဝန်ကြီးချုပ် အီမရန် ခန်းကို အတိုက်အခံတို့က ပြင်းထန်စွာ ပြစ်တင်ဝေဖန်ခဲ့သည်။ အီမရန် ခန်းသည် တစ်ချိန်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဖုန်းခေါ်ဆိုမှု ပြုလုပ်နိုင်ရေး တောင်းခံထားခဲ့ဖူးသူဖြစ်ကြောင်းနှင့် ယင်းက ပါကစ္စတန်အစိုးရ၏ နိုင်ငံခြားရေးမူဝါဒ၏ အမှန်တရားကို ထုတ်ဖော်ပြသနေကြောင်း အတိုက်အခံတို့က ပြောသည်။

ပါကစ္စတန် မွတ်ဆလင်အဖွဲ့ချုပ်- နာဝက်ဇ် (PML-N) ၏ ဒုဥက္ကဋ္ဌ မာယမ် နာဝက်ဇ်က မတ်လ ၂၁ ရက်၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားရာတွင် “ရှင်ကိုယ်တိုင် (ဝန်ကြီးချုပ် ခန်း) လည်း ဖုန်းခေါ်စကားပြောဖို့ ဘိုင်ဒင်ဆီ အသနားခံပန်ကြားခဲ့သေးတာပဲလေ။ ခုကျတော့ ရှင်က ရှင့်ရဲ့ လွတ်လပ်တဲ့ နိုင်ငံခြားရေးမူဝါဒ ဆိုတာကို ကျွန်မတို့ကို ပြန်ပြောနေသေးတယ်” ဟု ပြောခဲ့သည်။

အိန္ဒိယ၏ နိုင်ငံခြားရေး မူဝါဒသည် လွတ်လပ်မှု ရှိပြီး ပြည်သူများ၏ ကောင်းကျိုးအတွက် ဖြစ်ကြောင်း အီမရန် ခန်းက မတ်လ ၂၀ ရက်တွင် ခိုင်ဘာ ပက်ခ်တွန်ခဝါ ပြည်နယ် မာလာကန်း ဧရိယာ၌ ပြုလုပ်သည့် လူထုစည်းဝေးပွဲတစ်ခုအတွင်း ပြောခဲ့သည်။

လူထုစည်းဝေးပွဲအတွင်း မိန့်ခွန်းပြောကြားရာတွင် ခန်းက အိန္ဒိယကို ချီးကျူးစကား ဆိုခဲ့သည်။ အိန္ဒိယသည် အမေရိကန်၏ မဟာမိတ်နိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း၊ အမေရိကန်က ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသော်လည်း အိန္ဒိယသည် ရုရှားဆီမှ ရေနံတင်သွင်းကြောင်း ခန်းက ပြောခဲ့သည်။ထို့ပြင် ၎င်း၏ နိုင်ငံခြားရေးမူဝါဒသည်လည်း ပါကစ္စတန်ပြည်သူများကို ထောက်ကူအကျိုးဖြစ်စေမည် ဖြစ်ကြောင်း ခန်းက ၎င်းကို ထောက်ခံသူများအား ပြောခဲ့သည်။

အမေရိကန်တွင် လက်ရှိသမ္မတ ဂျိုးဘိုင်ဒင် ကျမ်းကျိန်ပြီးနောက် ၎င်းနှင့် ဖုန်းခေါ်ဆိုမှုတစ်ခု လုပ်နိုင်ရေး ပါကစ္စတန်ဘက်က စည်းရုံးကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှုမရခဲ့ခြင်းက နိုင်ငံတကာမျက်နှာစာတွင် နိုင်ငံအတွက် အရှက်စရာ ဖြစ်ခဲ့ကြောင်း မီဒီယာသတင်းများက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly