BIMSTEC ထိပ်သီး ညီလာခံသို့ စစ်ကောင်စီအားဖိတ်ကြားမှု ကန့်ကွက်သည့် မြန်မာနိုင်ငံသားများ  ဖမ်းဆီးခံရ

BIMSTEC ထိပ်သီး ညီလာခံသို့ စစ်ကောင်စီအားဖိတ်ကြားမှု ကန့်ကွက်သည့် မြန်မာနိုင်ငံသားများ  ဖမ်းဆီးခံရ
Photo : CJ

မတ်လ ၂၇ ရက်

သိရိလင်္ကာနိုင်ငံတွင်ကျင်းပမည့် အရှေ့တောင်အာရှနှင့် တောင်အာရှနိုင်ငံများ (၅) ကြိမ်မြောက် ဘင်္ဂလားပင်လယ်အော် ဒေသတွင်း ကဏ္ဍစုံ နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု BIMSTEC ထိပ်သီး အစည်းအဝေးအား မတ်လ ၃၀ ရက်တွင် ကျင်းပမည်ဖြစ်ရာ စစ်ကောင်စီအား ဖိတ်ကြား ခြင်းမပြုရန်  တောင်းဆိုဆန္ဒပြခဲ့သော လှုပ်ရှားတက်ကြွသူ မြန်မာနိုင်ငံသားများကို ၁၀ နာရီကြာမျှ ထိမ်းသိမ်းခဲ့ ကြောင်းသိရသည်။

မတ်လ ၂၇ ရက် နံနက်ပိုင်းတွင် နယူးဒေလီရှိ သီရိလင်္ကာသံရုံးရှေ့တွင် India for Myanmar အဖွဲ့  ၂၁ဉီး ဆန္ဒပြပြီး သံရုံးတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးရန်တောင်းဆိုခဲ့သော်လည်း ၁၅ မိနစ်ခန့်အကြာတွင် ၎င်းတို့အား ရဲစခန်းသို့ ခေါ်ဆောင်သွားကာ စစ်ဆေးမေးမြန်းပြီး ညပိုင်းတွင် ပြန်လွှတ်ပေးခဲ့ ကြောင်းဆိုသည်။

“ကျနော်တို့ကို ရဲစခန်းကိုခေါ်ပြီးဘာကြောင့် ဒီလိုလုပ်ရတာလဲဆိုတာကို စစ်ဆေးမေးမြန်းပါတယ် သူတို့ရဲအရာရှိတွေ သံရုံးကို သွားဆွေးနွေးလိုက် တခြား အဆင့်မြင့်အရာရှိများနှင့် မြန်မာစစ်ကောင်စီကို ဖိတ်ကြားတဲ့အပေါ်ကန့်ကွက်တာကို အချိန်အတော်ကြာဆွေးနွေးနေကြတာကိုသိခဲ့ရတယ် ဒါဟာ ကျနော်တို့လှုပ်ရှားမှုရဲ့ အသီးအပွင့်တစ်ခုပါ” ဟု India for Myanmar လှုပ်ရှား သူ တစ်ဉီးမှ မဇ္စျိမ ကိုပြောသည်။

ရဲများက သံရုံးဧရိယာအတွင်း စုရုံးဆန္ဒပြခြင်းအား ဥပဒေအရ ခွင့်မပြု ကြောင်း နောက်နောင် ယခုကဲ့သို့ မပြုလုပ်ရန် ပြောကြားခဲ့ပြီး ခွင့်ပြုထားသည့် စည်းကမ်းဘောင်အတွင်းမှ လုပ်ကိုင်ဆောင်ရွက်သွားရန် သဘောတူကြောင်း ဝန်ခံကတိလက်မှတ်များထိုးခဲ့ရကြောင်းဆိုသည်။

မတ်လ၂၃ရက်နေ့ကလည်းဒုတိယအကြိမ်ကန့်ကွက်မှုအဖြစ် BIMSTEC ထိပ်သီး အစည်းသို့ စစ်ကောင်စီအား ဖိတ်ကြားမှု ကို ကန့်ကွက်ကြောင်း မြန်မာ့အရေးလှုပ်ရှား နေသည့် အရပ်ဘက်အဖွဲ့ ၁၃၆ ဖွဲ့လက်မှတ်ထိုးကာ အိန္ဒိယဝန်ကြီးချုပ်ရုံးနှင့် အဖွဲ့ဝင် နိုင်ငံများသို့ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ကြောင်းသိရသည်။

BIMSTEC အဖွဲ့တွင် ဘင်္ဂလားဒေ့ရှ် ၊ အိန္ဒိယ ၊ သိရိလင်္ကာ ၊ ထိုင်း  နီပေါနှင့် မြန်မာနိုင်ငံတို့ ပါဝင်ပြီး ၁၉၉၇ ခုနှစ် ဇွန်လ ၆ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ရာ ဒီဇင်ဘာ ၂၂ရက်နေ့တွင် မြန်မာနိုင်ငံအဖွဲ့ဝင်ဖြစ်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required