ဗဟိုအာဖရိက အနောက်ဘက်ကမ်းတွင် တည်ရှိပြီး လူဦးရေ ၁ ဒသမ ၄ သန်းခန့် နေထိုင်သည့် ရေနံကြွယ်ဝသောအီကွေတိုရီရယ်ဂီနီသည် အမေရိကန်နှင့် တရုတ်ကြား ပထဝီဝင်နိုင်ငံရေး ပြိုင်ဆိုင်မှု၏ ဗဟိုချက် ဖြစ်လာနေသည်။
အီကွေတိုရီရယ်ဂီနီသည် အမေရိကန်စစ်တပ်၏ အကျိုးစီးပွားနှင့် အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ပါဝါချိန်ခွင် လျှာကို ထိခိုက်စေနိုင်သည့် တရုတ်စစ်အခြေစိုက်စခန်းတစ်ခု ဖြစ်လာနိုင်သည်ဟု အစီရင်ခံစာများက ဖော်ပြသည်။
အစောပိုင်းတွင် တရုတ်နိုင်ငံသည် ပင်လယ်နီ၏ ဝင်ပေါက်အနီးတွင် ၂၀၁၇ခုနှစ်က ရေတပ်သား ၁၅၀ဝ ဖြင့် ဂျီဘူတီ၌ ယင်း၏ ပထမဆုံးပြည်ပစစ်အခြေစိုက်စခန်းကို ထူထောင်ခဲ့သည်။
ယင်းရေတပ်အခြေစိုက်စခန်းသည် တပ်ဖွဲ့ဝင် ၃,၄၀ဝ နေထိုင်နိုင်သည့် ဂျီဘူတီရှိ အမေရိကန်အခြေစိုက်စခန်း Camp Lemonnierမှ ၁၂ ကီလိုမီတာခန့်သာ ကွာဝေးသည်။
မကြာသေးမီက အမေရိကန်အကြီးတန်း သံတမန်နှင့် စစ်ဘက်အရာရှိများသည် ဗဟိုအာဖရိကနိုင်ငံ ကမ်းရိုး တန်းတွင် တရုတ်၏ စစ်အခြေစိုက်စခန်း ထူထောင်မည့် အစီအစဉ်ကို လက်မခံရေးအတွက် အီကွေတိုရီရယ်ဂီနီ အစိုးရအား စည်းရုံးသိမ်းသွင်းရန် ယင်းနိုင်ငံသို့ သွားရောက်ခဲ့သည်။
အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မော်လီဖီးသည် သမ္မတ သီအိုဒိုရို အမ်ဘာဆိုဂိုနှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ အကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်များ၊ လူကုန်ကူးမှု တိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်ရေး၊ ပိုမို ကောင်းမွန်သော သာယာဝပြောရေးနှင့် လုံခြုံရေးအတွက် ရာသီဥတု ဖောက်ပြန်မှုကို မည်ကဲ့သို့ ကိုင်တွယ် ရမည်ဆိုသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
နှစ်ဘက်စလုံးသည် "ပင်လယ်ရေကြောင်းလုံခြုံရေးနှင့် ဂီနီပင်လယ်ကွေ့ကို လုံခြုံအောင် ထိန်းသိမ်းခြင်း၏ အရေးပါမှုတို့ကို အမြင်ချင်းဖလှယ်ခဲ့ကြသည်" ဟု အမေရိကန်သံရုံးက တွစ်တာတွင် ရေးသားခဲ့သည်။