ယူကရိန်းစစ်ပွဲအတွက် လူသားချင်းစာနာမှုအကူအညီများသာပေးပို့ပြီး လက်နက်မပို့ခဲ့ဟု တရုတ်ငြင်းဆို

ယူကရိန်းစစ်ပွဲအတွက် လူသားချင်းစာနာမှုအကူအညီများသာပေးပို့ပြီး လက်နက်မပို့ခဲ့ဟု တရုတ်ငြင်းဆို

ယူကရိန်းကို ရုရှားကျူးကျော်မှုအတွက် စစ်လက်နက်ပစ္စည်းများ ပေးပို့ခဲ့ခြင်းမရှိကြောင်း အမေရိကန်ဆိုင်ရာ တရုတ်ထိပ်တန်းသံတမန်က ငြင်းဆိုခဲ့သော်လည်း ရုရှားနှင့် မပြောင်းလဲသော စီးပွားရေး ပတ်သက်မှုကို ကာကွယ်ပြောဆိုခဲ့သည်။

တရုတ်သည် ရုရှားအား စစ်ဘက်ဆိုင်ရာ အကူအညီများ ပေးဆောင်ရန် လိုလားသည်ဆိုသော သတင်းများသည် လုပ်ကြံပြောဆိုနေကြခြင်းသာ ဖြစ်ကြောင်းနှင့် စတုတ္ထပတ်မြောက်ပတ်အတွင်းသို့ ရောက်ရှိလာသော ပဋိပက္ခကြောင့် ထိခိုက်ခံစားရသူများအား ကူညီရန် လူသားချင်းစာနာမှုအကူအညီများ ပေးပို့ခြင်းသာဖြစ်ကြောင်းသံအမတ်ကြီး ချင်ဂန်းက CBS နှင့် တွေ့ဆုံမေးမြန်းခန်းတွင် မတ်လ ၂၀ ရက်က ပြောကြားခဲ့သည်။

"တရုတ်က အစားအသောက်၊ ဆေးဝါး၊ အိပ်ယာနဲ့ကလေးနို့မှုန့်တို့ကို ပေးပို့နေတာပါ။ ဘယ်အဖွဲ့ကိုမှ လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေ ပို့နေတာမဟုတ်ပါဘူး။ကျွန်တော်တို့က စစ်ပွဲကိုမထောက်ခံပါဘူး” ဟု ချင်ဂန်းက ဆိုသည်။

စတုတ္ထပတ်အတွင်းသို့ရောက်ရှိလာသော ရုရှား၏ ကျူးကျော်ဝင်ရောက်မှုသည် ရုရှားအဓိကဘဏ်များနှင့် လုပ်ငန်းကြီးအချို့အား Swift ဘဏ္ဍာရေးစနစ်အသုံးပြုခြင်း တားမြစ်ခြင်းအပါအဝင် အမေရိကန်၊ G7၊ အီးယူနှင့် အမေရိကန်၏မဟာမိတ်အများစုကရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ အကောင်အထည်ဖော်ရန် ဖြစ်စေခဲ့သည်။

ယူကရိန်းကို ချေမှုန်းရန် ကြိုးပမ်းမှုတွင် ရုရှားအား ထောက်ပံ့မှုတစ်စုံတစ်ရာအတွက် တရုတ်သည် နောက်ဆက်တွဲအကျိုးဆက်များကို ခံစားရမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က တရုတ်သမ္မတ မတ်လ ၁၉ ရက်တွင်ပြုလုပ်သော ရှီကျင့်ဖျင်နှင့်၂ နာရီကြာ ထိပ်သီးအစည်းအဝေးတွင် သတိပေးခဲ့သည်။

ယူကရိန်းကို ဆက်လက်ကျူးကျော်ရန် ရုရှားကို တရုတ်က ငွေကြေးအရ ပံ့ပိုးပေးမည်လားဟူသော မေးခွန်းနှင့်ပတ်သက်၍ တရုတ်သံတမန်က "တရုတ်သည် ရုရှားနှင့် ကုန်သွယ်မှု၊ စီးပွားရေး၊ ဘဏ္ဍာရေး နှင့် စွမ်းအင်တို့တွင် ပုံမှန်ပူးပေါင်းဆောင်ရွက်မှုများရှိသည်" ဟု ရှင်းပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly