တောင်ကုတ် နယ်စပ်ကုန်သွယ်ရေးဂိတ်မှ ဘင်္ဂလားဒေ့ရှ်သို့ အုန်းသီးတင်ပို့ရသည့်အတွက် အုန်းသီးစျေးတက်

တောင်ကုတ် နယ်စပ်ကုန်သွယ်ရေးဂိတ်မှ ဘင်္ဂလားဒေ့ရှ်သို့ အုန်းသီးတင်ပို့ရသည့်အတွက် အုန်းသီးစျေးတက်

မတ်လ ၂၅ ရက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် တောင်ကုတ်နယ်စပ် ကုန်သွယ်ရေးဂိတ်မှ ဘင်္ဂလားဒေ့ရှ်သို့ အုန်းသီးတင်ပို့ခြင်းများရှိနေခြင်းကြောင့်ဒေသခံများအနေဖြင့် စျေးအနည်းငယ် ပိုမိုရရှိလာနေကြောင်း အုန်းသီးရောင်းချနေသူများနှင့် အုန်းသီးကုန်သည်များထံမှ သိရသည်။

ယခင်နှစ်များက ပြည်မဘက်သို့သာ တင်ပို့မှုများရှိပြီး လက်ရှိတွင် နိုင်ငံခြားသို့ တင်ပို့ရခြင်းကြောင့် စျေးအနည်းငယ် မြင့်တက်နေခြင်းဖြစ်သည်ဟု တောင်ကုတ်မှ အုန်းသီးကုန်သည်တစ်ဦးကပြောသည်။

“အခုက ဘင်္ဂလားဘက်ကို တင်ပို့ရတော့ စျေးက နည်းနည်းပိုနေတဲ့သဘောပါ။ ကျွန်တော်တို့လည်း စျေးပိုပေးပြီး ဝယ်ရတဲ့အပိုင်းတွေရှိတယ်။ စျေးရတာကလည်း နှစ်လကျော်လောက်တော့ ရှိနေပြီထင်တယ်”ဟု  အုန်းသီးဝယ်သူတစ်ဦးက ပြောသည်။

ယခုနှစ်တွင် ကုန်စည်စျေးနှုန်းမြင့်တက်ခြင်းအပါအဝင်  အလုပ်သမားစျေးနှုန်းပါမြင့်တက်လာသည့်အတွက် အုန်းသီးစျေးအနည်းငယ် ပိုမြင့်တက်လာသည်ဟုလည်း တောင်ကုတ်မြို့နယ်၊  ပန်းထော်ကျွန်းမှ အုန်းသီး ကုန်သည်တစ်ဦးက ဆိုသည်။

“အရင်ကတော့ ဆီစျေးမတက်သလိုအလုပ်သမားစျေးလည်း မတက်တော့ စျေးက အခုလောက် မကောင်းဘူးပေါ့။ အခုက ကျွန်းကဝယ်လာ ကတည်းက တင်ရ၊ ထမ်းရတဲ့ စရိတ်မပါဘဲတစ်လုံး သုံးရာကျပ်ဖြစ်သွားတယ်ဆိုတော့ ကျွန်တော်တို့ ပြန်ရောင်းတဲ့အခါမှာလည်း တင်ရောင်းရတယ်လေ။ အဲဒါကြောင့် စျေးမြင့်နေတာပါ”ဟု ၎င်းက ဆိုသည်။

ယခင်နှစ်များက ရောင်းချသည့် အုန်းသီးကုန်သည်များအနေဖြင့် အုန်းသီးတစ်လုံးလျှင် ငွေကျပ် ၁၅၀ ၊ ၂၀၀အထိ ရရှိပြီး ဝယ်ယူသည့်ကုန်သည်များမှာ တောင်ကုတ်မြို့မှ ပြည်မြို့သို့ သွားရောက်ရောင်းချသည့် အုန်းသီးတစ်လုံးလျှင် ငွေကျပ် ၃၅၀ ကျပ်ဖြင့် တင်ပို့ရောင်းချခဲ့ရကြောင်း သိရသည်။

သို့သော်လည်း လက်ရှိတွင် အုန်းသီးရောင်းသည့်ပင်ရင်း ဒေသခံများအနေဖြင့် တစ်လုံးလျှင် ငွေကျပ် ၂၅၀ သာရရှိပြီး နိုင်ငံခြားသို့ တင်ပို့သည့် ကုန်သည်များမှာ တစ်လုံးလျှင် ငွေကျပ် ၅၀၀ ကျပ်အထိ ရရှိနေခြင်းဖြစ်ကြောင်း သိရသည်။  

၁၀နှစ်ကျော်အထိ အုန်းသီးရောင်းချနေသည့် ပြတင်ကျွန်းမှ အုန်းသီးကုန်သည် တစ်ဦးက “ ကျွန်မတို့က အရင်က ၁၅၀၊၂၀၀ လောက်ရတယ်။ အခု ၂၅၀လောက်ရတာပါ။ ၅၀လောက် စျေး ပိုရတာပါ။ဒါပေမဲ့ တစ်ခါတလေ ခူးမယ့်သူ မရှိရင် ဝယ်တဲ့လူတွေက သူတို့ဘာသာ သူတို့ခူးပြီး တစ်လုံးကို ၁၅၀လောက်ပဲ ရတာတွေလည်းရှိပါတယ်။ အများကြီးစျေးရတာတော့ မဟုတ်ပါဘူး။ စျေးကောင်းရတာက ပွဲစားတွေပဲ ရတာပါ”ဟု ပြောသည်။

ယခုနှစ်တွင် တောင်ကုတ်နယ်စပ်ကုန်သွယ်ရေးဂိတ်မှ ဘင်္ဂလားဒေ့ရှ်သို့ အုန်းသီးများကို တင်သွင်းခြင်းကြောင့် အုန်းသီးတစ်လုံးလျှင် ငွေကျပ် သုံးရာအထိ ရရှိနေသည့်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း အုန်းသီးရောင်းချနေကြသည့် ပင်ရင်းဒေသခံများအနေဖြင့် ပုံမှန်စျေးနှုန်းသာ ရကြောင်း ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required