ငြိမ်းချမ်းရေးအတွက် ဒေသန္တရအုပ်ချုပ်မှုစနစ်တည်ဆောက်ရေး ဆောင်ရွက်မည်ဟု ကရင်နီငြိမ်းချမ်းရေးဖိုရမ် ဆုံးဖြတ်

ငြိမ်းချမ်းရေးအတွက် ဒေသန္တရအုပ်ချုပ်မှုစနစ်တည်ဆောက်ရေး ဆောင်ရွက်မည်ဟု ကရင်နီငြိမ်းချမ်းရေးဖိုရမ် ဆုံးဖြတ်

ချင်းမိုင်၊ ဇန်နဝါရီ ၂၄ ။               ။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရှိစေရန်အတွက် ပိုမိုကောင်းမွန်သော ဒေသန္တရ အုပ်ချုပ်မှုစနစ် တည်ဆောက်ရေးနှင့် ပြည်နယ်အတွင်းရှိ မြေယာ၊ သယံဇာတနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပြည်သူလူထုအကြား စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးများကို ကရင်နီပြည်နယ် ငြိမ်းချမ်းရေး ဖိုရမ်တွင် ဆွေးနွေး၍ ဇန်နဝါရီလ ၂၃ ရက်က သဘောထား ထုတ်ပြန်ခဲ့သည်။

ကရင်နီပြည်နယ်ငြိမ်းချမ်းရေးဖိုရမ်ကို ဇန်နဝါရီလ ၂၁ ရက်မှ ၂၃ ရက်ထိ သုံးရက်ကြာ ကျင်းပသော ဆွေးနွေးမှုတွင် ပိုမိုကောင်းမွန်သော ဒေသန္တရ အုပ်ချုပ်မှုစနစ် တည်ဆောက်ရေး၊ ကရင်နီပြည်နယ်(ထုတ်ပြန်ချက်ပါ) ငြိမ်းချမ်းရေးနှင့် လုံခြုံရေး၊ မြေယာ/သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာများကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေး၍ ဇန်နဝါရီလ ၂၃ ရက်က သဘောထား ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ ပြည်နယ်၊ မြို့နယ် ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့က လူထုက ရွေးကောက်တင်မြောက်ခွင့်ရရှိမှပဲ အုပ်ချုပ်တဲ့ လူနဲ့ အုပ်ချုပ်ခံတဲ့ ပြည်သူလူထုက ပိုပြီးတော့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးဖြစ်သွားတယ်။ အခုလောလောဆယ်တချို့ ရပ်ကျေး အုပ်ချုပ်ရေးမှူး ရွေးကောက်နေတယ်။ ဒါပေမဲ့ အခုလုပ်တဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူးဟောင်းရယ်၊ အသစ်ပြန်ရွေးတဲ့ အချိန်ကြတော့ အဟောင်းနဲ့ အဆင်ပြေအောင်ရိုက်ပြီးတော့ လုပ်လာတဲ့အခါကြတော့ လူထုက သိပ်သဘောမကျဘူး။ တကယ်ဖြစ်သင့်ဖြစ်ထိုက်တဲ့ပုဂ္ဂိုလ်က လမ်းကြောင်းမမှန်ဘူး။ လူထုက ရွေးချယ်တဲ့ ပုဂ္ဂိုလ်ဖြစ်သင့်တယ်”ဟု ကယန်းအမျိုးသားပါတီမှ အထွေထွေအတွင်းရေးမှူး ဦးနန်းရီက မဇ္ဈိမကို ပြောသည်။

ဆွေးနွေးပွဲတွင် အဓိကအားဖြင့် ပိုမိုကောင်းမွန်သော ဒေသသန္တရအုပ်ချုပ်မှုစနစ်တည်ဆောက်ရာတွင် ကယားပြည်နယ်၏ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့များကို ပြည်သူလူထုမှ တိုက်ရိုက်   ရွေးကောက်တင်မြှောက်ခွင့်ပေးရန်၊ ပြည်နယ်နှင့် ခရိုင်၊ မြို့နယ်၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးများအား လူထုနှင့် တိုက်ရိုက်ရွေးကောက်တင်မြှောက်ပြီး အမျိုးသမီးထု အနည်းဆုံး ၃၀ ရာခိုင်နှုန်း အထက် ပါဝင်ရန်ဟု ၎င်းတို့၏ သဘောထားထုတ်ပြန်ချက်တွင် ပါရှိသည်။

ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ဖယ်ဒရယ်စနစ်ဖြင့် ပြည်နယ်အတွင်းရှိ လက်နက်ကိုင် အဖွဲ့များ ပါဝင်ခွင့်ရှိသော ပြည်နယ်ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့စည်းပြီး တိကျသည့် မူဝါဒများ ချမှတ်ကာ ပြည်နယ်အစိုးရ၏ စီမံခန့်ခွဲမှုအောက်တွင် ထားရှိရန်လည်း ထည့်သွင်းဆွေးနွေးခဲ့သည်။

နိုင်င်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆင့်ဆင့်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအားလုံး ပါဝင်နိုင်ရေးအတွက် တပ်မတော်မှ ထိုးစစ်များ ရပ်ဆိုင်းပေးရန်၊   ပြည်နယ်အေးချမ်းလုံခြုံရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်များ ပိုမိုစည်းလုံး ညီညွတ်ကြရန်၊ အစိုးရအနေဖြင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ အမျိုးသမီးများ၊ လူငယ်များ၊ တိုင်းရင်း သား လူထုကိုယ်စားလှယ်များအားလုံး အချိုးညီစွာပါဝင်ရေးမူကို လက်ကိုင်ထား၍ ဖိတ်ခေါ်ဆွေးနွေးရန်၊ မြေမြှုပ်မိုင်း အသုံးပြုမှု ရပ်ဆိုင်းရန်နှင့် မိုင်းရှင်းလင်းရေးကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် ဆွေးနွေးခဲ့သည်ဟု သိရသည်။

ကရင်နီပြည်နယ်(ထုတ်ပြန်ချက်ပါအတိုင်း)ရှိ ပြည်သူထုများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူမှုအဖွဲ့ အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် အစိုးရအကြာ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ကာ အခြေခံ ဘုံသဘောတူညီချက်များရှာဖွေပြီး လုပ်ငန်းအဖွဲ့အစည်းများ ဖွဲ့စည်းက ပူးပေါင်း ဆောင်ရွက်ရန်နှင့် လူထုနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပုံမှန်ပြုလုပ်ပြီး ငြိမ်းချမ်းရေး၊ နိုင်ငံရေးနှင့် လူမှုစီးပွား ဆိုင်ရာသတင်း အချက်အလက်များကို အချိန်နှင့် တပြေးညီ အသိပေးသဘောထားရယူနိုင်ရန်   တွေ့ဆုံဆွေးနွေးရေး  ယန္တရားတစ်ရပ်ကို ပြည်နယ် အစိုးရမှ ဖော်ဆောင်ပေးရန်တို့ကို တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

မြေယာ၊ သယံဇာတနှင့် သဘောဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် မြေယာပိုင်ဆိုင်မှု၊ အသုံးပြုမှုနှင့် သယံဇာတစီမံ ခန့်ခွဲမှု ဆိုင်ရာ မိရိုးဖလာဓလေ့ထုံးတမ်း အစဉ်အလာများကို ကယားပြည်နယ် လွှတ်တော်နှင့် အစိုးရမှ ဥပဒေအဖြစ် ပြဌာန်းပြီး ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ပေးရန်နှင့် အစိုးရဌာနနှင့် ပြည်နယ်တွင်း နိုင်ငံခြားကုမ္ပဏီများ၏ ပတ်ဝန်းကျင်ကို ထိခိုက်စေသော မည်သည့် စီမံကိန်းများကို မဆို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်သူထု၏ ဆန္ဒနှင့်အညီ ပွင့်လင်းမြင်သာစွာ အကောင်အထည်ဖော်၍ စောင့်ကြည့်လေ့လာအကဲဖြတ်ရေးအဖွဲ့ကို ဖွဲ့စည်း သဘောထားများရယူပြီးမှ အကောင်အထည်ဖော်ရန်တို့ အပါအဝင် အချက် ငါးချက်ကို ဆွေးနွေးသုံးသပ်ခဲ့ခြင်း ဖြစ်သည်။

ကရင်နီပြည်နယ်ငြိမ်းချမ်းရေးဖိုရမ်ကို အစိုးရမဟုတ်သော အဖွဲ့အစည်း ၆ ဖွဲ့မှ ကမကထပြုလုပ်၍  ကယားပြည်နယ် လွိုင်ကော်မြို့ရှိ အေလီဂန်ဘုရားကျောင်းမှ ဓမ္မရုံခန်းမဆောင်တွင် ကျင်းပခဲ့ပြီး အရပ်ဖက်လူမှု အဖွဲ့အစည်းများ၊ နိုင်ငံတကာ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် ၁၅၀ ဦး တက်ရောက် ဆွေးနွေးခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly