ပါကစ္စတန် ကရာချိမြို့၌ အဖွဲ့အစည်းများအကြား အကြမ်းဖက်မှု ပြန်လည်ဖြစ်ပွားခြင်းအပေါ် ရဲတပ်ဖွဲ့က စိုးရိမ်ပူပန်

By Aljazeera
24 March 2022
ပါကစ္စတန် ကရာချိမြို့၌ အဖွဲ့အစည်းများအကြား အကြမ်းဖက်မှု ပြန်လည်ဖြစ်ပွားခြင်းအပေါ် ရဲတပ်ဖွဲ့က စိုးရိမ်ပူပန်

ပါကစ္စတန်နိုင်ငံ ကရာချိမြို့ အန်ကိုလီအရပ်၌ ပစ်မှတ်ထား သတ်ဖြတ်မှု ဖြစ်စဉ်တစ်ခုအဖြစ် ပြီးခဲ့သည့် မတ်လ ၁၂ ရက်က ရှီးယားမွတ်ဆလင် ခေါင်းဆောင်တစ်ဦး ပစ်သတ်ခံခဲ့ရသည့် ဖြစ်စဉ် ပေါ်ပေါက်ပြီးနောက် ဂိုဏ်းဂဏဆိုင်ရာ အကြမ်းဖက်မှု ပြန်လည်နိုးထလာမှုအပေါ် ကရာချိမြို့ရှိ ရဲများက စိုးရိမ်ပူပန်လျက် ရှိကြောင်း Dawn သတင်းစာက ဖော်ပြသည်။

ရှီးယားအဖွဲ့အစည်းတစ်ခုဖြစ်သည့် Pasban-e-Aza ၏ အထွေထွေ အတွင်းရေးမှူးနှင့် Masjid Khair-ul-Amal ဗလီ၏ ဥက္ကဋ္ဌဟောင်း ဖြစ်သည့် ဆေယက်ဒ် ဆယ်လ်မန် ဟိုင်ဒါ ရစ်ဇ်ဗီသည် မတ်လ ၁၂ ရက် ညပိုင်းက ဆာမန်နာဘတ် ရဲစခန်းအပိုင် နယ်မြေအတွင်း အန်ကိုလီ အသိုင်းအဝိုင်းရှိ Masjid Khair-ul-Amal ဗလီအနီး ရစ်ဇ်ဗီ၏ နေအိမ်အပြင်ဘက်တွင် ပစ်သတ်ခံခဲ့ရခြင်း ဖြစ်သည်။

Pasban-e-Aza ၏ စီနီယာခေါင်းဆောင်တစ်ဦး အသတ်ခံရသည့် ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေသည့် တာဝန်ရှိသူများသည် ကရာချိမြိုု့၌ ဂိုဏ်းဂဏဆိုင်ရာ အကြမ်းဖက်မှု ပြန်လည်ဖြစ်ပွားခြင်းနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်နေကြပြီး ရစ်ဇ်ဗီ အသတ်ခံရမှုမှာ ဂိုဏ်းဂဏဆိုင်ရာ နောက်ခံအကြောင်းရင်းများကြောင့် ဖြစ်သည်ဟု ယုံကြည်ထားကြကြောင်း Dawn သတင်းစာက ဖော်ပြသည်။

အကြမ်းဖက်မှု တန်ပြန် တိုက်ဖျက်ရေးဌာန (CTD) မှ အရာရှိတစ်ဦးဖြစ်သည့် ရာဂျာ အူမာ ခါတက်က Dawn သတင်းစာကို ပြောကြားရာတွင် ယင်းကဲ့သို့သော သတ်ဖြတ်မှုမျိုးက ဂိုဏ်းဂဏစွဲဝါဒအပေါ် အခြေတည်ကြောင်းနှင့် ယင်းသည် အတော်အတန် ကြာမြင့်သည့် ကာလတစ်ခုပြီးနောက် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။

ဂိုဏ်းဂဏဆိုင်ရာ အကြမ်းဖက်မှုက ကရာချိမြို့တွင် တကျော့ပြန် ပြန်လည် ခေါင်းထောင်နေခဲ့သည်ကို စိုးရိမ်ပူပန်နေကြောင်း ရာဂျာ အူမာ ခါတက်က ပြောကြားကြောင်းကိုလည်း ပါကစ္စတန် သတင်းစာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly