ကိုယ့်ကိုယ်ကိုမီးရှို့ဆန္ဒပြသည့် တိဗက်အဆိုတော် သေဆုံးပြီးနောက် လာဆာမြို့၌ လုံခြုံရေးတင်းကျပ်ထား

ကိုယ့်ကိုယ်ကိုမီးရှို့ဆန္ဒပြသည့် တိဗက်အဆိုတော် သေဆုံးပြီးနောက် လာဆာမြို့၌ လုံခြုံရေးတင်းကျပ်ထား

တိဗက်အဆိုတော် ဆီဝမ်နော်ဘူသည်ပြင်းထန်သောမီးလောင်ဒဏ်ရာကြောင့် သေဆုံးသွားပြီးနောက် တရုတ်အာဏာပိုင်များသည် လာဆာမြို့ကို တင်းကျပ်စွာစောင့်ကြည့်လျက်ရှိသည်။

ဆီဝမ်နော်ဘူသည် တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမြို့တော် လာဆာရှိ ပြည်သူ့ဆေးရုံတွင် ၂၀၂၂ ခုနှစ် မတ်လ ပထမပတ်က သေဆုံးသွားခဲ့ကြောင်း ယုံကြည်ရသော သတင်းရင်းမြစ်များက International Campaign for Tibet (ICT) ကို အသိပေးခဲ့သည်။

သူမ၏ သေဆုံးမှုနှင့် တိဗက်နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအပေါ် လုပ်ဆောင်ခဲ့သော နိုင်ငံတော် ကျင့်ထုံးများကို ဖုံးကွယ်ရန် လက်ရှိလုံခြုံရေးဆောင်ရွက်ချက်များအရ ရုပ်အလောင်းကို မိသားစုထံ ပြန်မအပ်ဘဲ လျှို့ဝှက်စွာ မီးသင်္ဂြိုဟ်ခဲ့ဖွယ်ရှိသည်။

ဆီဝမ်သေဆုံးမှုကို ပြင်ပသို့ မပေါက်ကြားစေရန် ဆေးရုံအတွင်းနှင့် လာဆာမြို့အနှံ့တွင် လုံခြုံရေး တိုးမြှင့်ထားသလို မြို့နေပြည်သူများကိုလည်း ကန့်သတ်ထိန်းချုပ်မှုအောက်၌ ထားရှိကြောင်း ICT က ဆိုသည်။

လူနာများ၊ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် ဆေးရုံဝန်ထမ်းများသည် ဆေးရုံအတွင်း လုံခြုံရေး ထူထပ်စွာချထားခြင်းအတွက် စိုးရိမ်နေကြသည်ဟု ICT သတင်းတွင် ဖော်ပြထားသည်။

အဆိုတော်သည် မီးလောင်ဒဏ်ရာများပြင်းထန်စွာရရှိထားပြီး ပိုတာလာနန်းတော်အရှေ့ဘက်ရှိ ဆေးရုံတွင် သေဆုံးခဲ့ကြောင်း သတင်းရင်းမြစ်တစ်ခုမှ အတည်ပြုပြောကြားသည်။

အဆိုတော်သည် ဖေဖော်ဝါရီ ၂၅ ရက်က ပိုတာလာနန်းတော်ရှေ့ ညာဘက်ထောင့်ရှိ Barpokaling ဘုရားကျောင်းတွင် မိမိကိုယ်ကို မီးရှို့ကာအဆုံးစီရင်ခဲ့ကြောင်း အစောပိုင်းက သတင်းများထွက်ပေါ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly